Friday 5 May 2023

ဘိုကလေးမြို့နယ်မှာ ကင်းစောင့်နေတဲ့စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံးကာလက်နက် ၁ လက်ပါသိမ်းယူနိုင်ခဲ့


 ဘိုကလေးမြို့နယ်မှာ ကင်းစောင့်နေတဲ့စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံးကာလက်နက် ၁ လက်ပါသိမ်းယူနိုင်ခဲ့


ဧရာဝတီတိုင်းမ်

မေလ ၅ ရက်


ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗျဲကြီးကျေးရွာ အုပ်စု၊ ပဒဲကောကျေးရွာမှာ မေလ ၄ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ည ၇ နာရီအချိန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ရဲ့ကင်းတဲမှာ တပ်ကြပ်ကြီးတစ်ဦးထဲရှိနေချိန် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးကာ ၎င်းကိုင်ဆောင်တဲ့လက်နက်ကိုပါ ပစ်ခတ်သူများကယူဆောင်သွားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။


 "ပဒဲကောချောင်းဘေးမှာ သစ်တို့ဝါးတို့ စက်လှေတွေကို ဆက်ကြေးကောက်တဲ့ကင်းတဲပါ၊ အမြဲစစ်သားကတစ်ယောက်နှစ်ယောက်ပဲရှိနေတာ။ ညကတော့တပ်ကြပ်ကြီးကို၀င်ပစ်သွားတာ၊ ပစ်တဲ့လူတွေကသူ့သေနတ်ပါယူသွားတယ် "လို့ ဒေသခံတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောပါတယ်။


သေဆုံးသွားသူဟာ စစ်ကောင်စီတပ်ကြပ်ကြီး အေးမြင့်ဆိုသူဖြစ်ပြီး မအူပင်အခြေစိုက် ခလရ ၂၇ တပ်က အဲ့ဒေသမှာ လာရောက်ပြီး တပ်စွဲပြီး တာ၀န်ကျနေသူတစ်ဦးလို့ သိရပါတယ်။


ခုလို စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး လက်နက်တစ်လက်ရရှိ ခဲ့တာနဲ့ပတ်သတ်ပြီး ဧရာ၀တီတိုင်းအတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုများဘက် သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။


လက်ရှိမှာတပ်ကြပ်ကြီး ပစ်သတ်ခံရပြီး ညပိုင်းနဲ့မေလ ၅ ရက်နေ့မနက်ပိုင်းမှာ ပဒဲကောကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်သားများက ၀င်ရောက်လာပြီးစစ်ဆေးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။


#ဘိုကလေး #စစ်ကောင်စီတပ်သားတစ်ဦး #ပစ်သတ်ခံရ #Ayeyarwaddy_Times

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...