Friday 11 August 2023

အညာ စစ်မျက်နှာတွင် စစ်တပ် နည်းဗျူဟာ ပြောင်းလာခြင်း



 အညာ စစ်မျက်နှာတွင် စစ်တပ် နည်းဗျူဟာ ပြောင်းလာခြင်း

——————————————-


ပြည်သူ့ ခုခံတော်လှန်စစ် နဲ့ တော်လှန်ရေး အဖွဲ့များကို တန်ပြန်နိုင်ဖို့ စစ်တပ် နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ခုခံမှုဗဟိုချက် ဖြစ်တဲ့ အညာဒေသ အပူပိုင်းဇုန် မှာ နေအိမ်ပေါင်း ၅၃ ၀၀၀ လုံးကို မီးရှို့ ဖျက်ဆီးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၃ ခုနစ်ကစတင်ပြီး စစ်တပ်ရဲ့ နည်းဗျူဟာ ပြောင်းလဲလာကာ ခုခံရေး အဖွဲ့တွေ ‌အပေါ် တိုက်ခိုက်တာ ပိုမိုလုပ်ဆောင်လာတယ်လို့ ဗြိတိန် အခြေစိုက် လုံခြုံရေး ဆိုင်ရာ လေ့လာရေး သုတေသန အဖွဲ့ International Institute for Strategic Studies က သုံးသပ်ထားပါတယ်။


ခုခံတွန်းလှန်မှုကို တန်ပြန်ဖို့အတွက် စစ်တပ် က ၂၀၂၁ ခုနစ် အလယ်ပိုင်း နဲ့ ၂၀၂၃ ခုနစ် အစောပိုင်းတွေမှာ အညှာအတာ ကင်းမဲ့စွာ အကြမ်းဖက်တာ၊ မြေလှန် မီးရှို့တာ စတဲ့ နည်းဗျူဟာတွေ ကျင့်သုံးခဲ့ပေမယ့် မကြာသေးခင် လများက စတင်ပြီး ပစ်မှတ်တွေကို စနစ်တကျ ရွေးခြယ် ဝင်ရောက် စီးနင်းတိုက်ခိုက်မှု၊ အကြမ်းဖက်မှုကို အစွမ်းကုန် လုပ်ဆောင်မှုတွေကို လုပ်ဆောင်လာပါတယ်။


မထိန်းထားနိုင်ခြင်း

————————-


ခုခံမှု ပထမ ၂ နှစ်တာ ကာလ အတွင်း ပမာဏကြီးမားတဲ့ တိုက်ခိုက်ရေး ယူနစ်တွေကို အညာဒေသ အပူပိုင်း ဇုန် ထဲကို စစ်တပ်က စေလွတ်ခြင်းမရှိခဲ့ပါဘူး။ တပ်အင်အားကို နည်းပါးစွာ ဖြန့်ထားပြီး ရှိတဲ့ တပ်ဖွဲ့တွေက ကျယ်ပြန့်တဲ့ နယ်မြေ ကို စောင့်ကြည့်ရေး တာဝန်ယူခဲ့ကြပါတယ်။ ထောက်လှမ်းရေး သတင်းမရတာ၊ ချုံခို တိုက်ခိုက်ခံရတာတွေကြောင့် စစ်သားတွေဟာ ခုခံရေးတပ်ဖွဲ့တွေကို ရှာဖွေ ထောက်လှမ်း တိုက်ခိုက်ရေးမှာ အခက်ကြုံခဲ့ရပါတယ်။ အဲဒီ အတွက်ကြောင့်လဲ ပီဒီအတ်တွေကို တိုက်ခိုက် စစ်ဆင် တိုက်ခိုက်မယ့် အစား တော်လှန်မှုကို အားပေးနေတယ်လို့ ယူဆရတဲ့ အရပ်သား တွေပေါ် ကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၁ ခုနစ် မေလ နဲ့ ၂၀၂၃ ခုနစ် မေလ အတွင်း အပူပိုင်းဇုန်မှာရှိတဲ့ နေအိမ်ပေါင်း ၅၂ ၉၉၈ လုံး ကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ထူးဆန်းတာက စစ်တပ်ရဲ့ မီးရှို့မှု စစ်ဆင်ရေးဟာ ခုခံမှု အပြင်းထန်ဆုံး ဖြစ်နေတဲ့ မြို့နယ်တွေနဲ့ တထပ် တည်း ကျမနေပါဘူး။ ဆိုလိုတာက ခုခံပုန်ကန်မှု နဲ့ မီးရှို့မှုကြားမှာ တိုက်ရိုက် ဆက်သွယ်နေမှု မရှိပါဘူး။ စစ်တပ်ရဲ့ ရည်ရွယ်ချက်က ပီဒီအတ်တွေကို အားပေးတဲ့ ရွာတွေကို အပြစ်‌ပေးဖို့ လုပ်ဆောင်တာလား၊ ပီဒီအတ်တွေ အခြေမစိုက်ရသေးတဲ့ ရွာတွေကို ဖျက်ဆီး ပြီး တော်လှန်ရေးသမားတွေ ဝင်မလာအောင် ကြိုတင်ကာကွယ်တာလား မသဲကွဲပါဘူး။


အညာဒေသတွင်း အင်အား မလုံလောက်မှုကိုလဲ ပျူစောထီးကဲ့သို့ ဒေသခံ ကျေးရွာ အခြေပြု ပြည်သူ့ စစ်တွေကို ဖွဲ့စည်းပြီး ကုစားနိုင်ဖို့ စစ်တပ်က လုပ်ဆောင်ခဲ့ပါတယ်။ အပူပိုင်းဇုန်တွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုပေါင်း ၃၅၄၀ ခု မှာ ပျူစောထီး ပါဝင်တဲ့ ဖြစ်စဥ်ပေါင်း ၅၈၂ ခု (၁၆ ဒသမ ၄) ရာခိုင်နှုန်းထိရှိတဲ့ အတွက် ပျူစောထီးတွေဟာ အရေးပါတဲ့ ဇာတ်ကောင်တခု လဲ ဖြစ်ပါတယ်။

‌ပျူစောထီး နဲ့ ပီဒီအတ်တွေ တပြိုင်တည်း အင်အားတိုးပွားလာမှုကြောင့် ရွာသားတွေကြားမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာတာ၊ လူ့အဖွဲ့အစည်းတွင်း အစွန်းရောက် ဘက်တွေ ပေါ်လာတာတွေရှိလာပါတယ်။


အကြမ်းဖက်မှု ပုံစံ ပြောင်းလာခြင်း

————————————————-

အညာဒေသတွင်းတွေ့သမျှ ရွာကို မီးရှို့နေတဲ့ ပုံစံကနေ ၂၀၂၃ ခုနစ် က စတင်ပြီး အထူးတာဝန် တပ်ဖွဲ့တွေကို စစ်တပ်က ဖွဲ့စည်းလိုက်ပုံပေါ်ပြီး သတ်သတ်မှတ်မှတ် ရှိတဲ့ နယ်မြေမှာပဲ စစ်ဆင်ရေးတွေ စနစ်တကျ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ တပ်ဖွဲ့သစ်တွေကိုလဲ အညာဒေသတွင်းကို ရွေ့ပြောင်းလာပါတယ်။ ဘီလူး စစ်ကြောင်း လို့ ခေါ်တဲ့ တပ်ဖွဲ့ဟာဆိုရင် အညာဒေသတွင် ရက်သတ္တပတ်ပေါင်းများစွာ စစ်ဆင်တိုက်ခိုက်ခဲ့ပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ ခုခံရေးသမားတွေကို အစိတ်စိတ် အပိုင်းပိုင်း ခုတ်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။


အပူပိုင်းဇုန် အတွင်း မီးရှို့မှုဟာ ၂၀၂၂ ခုနစ် ဒီဇင်ဘာလ မှာ နေအိမ် ၉ ၀၃၅ လုံး ရှိပေမယ့် ၂၀၂၃ ခုနစ် မေလ မှာ ၃၀ ၂၅ လုံး သာရှိပြီး ၆၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းလာတယ်လို့ Data for Myanmar အချက်အလက်တွေက ပြသနေပါတယ်။ အဲဒီလို နေအိမ် မီးရှို့မှု ကျဆင်းသွားမှုဟာ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ တိုးပွားလာမှု နှင့် တိုက်ဆိုင်နေပါတယ်။ တချို့ ဖြစ်စဥ်တွေမှာ စစ်သားတွေဟာ သူတို့ ရှာလိုတဲ့ ပီဒီအတ် လူနာမည်စာရင်းနဲ့ အတူလာပြီး အဲဒီ တိုက်ခိုက်ရေးသမားတွေကို ဖော်ထုတ်ပေးရန် ရွာကို မီးမရှို့ဘူးလို့ ဒေသခံတွေကို ပြောကြားလျက်ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ တိုက်ခိုက်ရေးသမားတွေ၊ ပူးပေါင်းမှု မရှိတဲ့ ရွာသားတွေကို မုဒိန်းကျင့်တာ၊ ခေါင်းဖြတ်တာ၊ ခုတ်ထစ်တာတွေ လုပ်ဆောင်ပါတယ်။ အပိုင်းပိုင်း ခုတ်ဖြတ်ထားတဲ့ ကိုယ်ခန္ဓာတွေကို ပြသပြီး ဒေသခံ အသိုင်းအဝိုင်းကို ခြိမ်းခြောက်ပါတယ်။


၂၀၂၂ ခုနစ် နှောင်းပိုင်းက စတင်ပြီး အပူပိုင်းဒေသတွင်းမှာ လက်နက်ကြီး ပစ်ကူပေးရေး အခြေစိုက်စခန်း ကွန်ယက် ကို ထူထောင်ဖို့ အတွက် အမြောက်ကြီးတွေကို နေရာချထားခဲ့ပါတယ်။ အဲဒီ အမြောက်စခန်းတွေ ပတ်ခြာလည်မှာ မောင်းသူမဲ့လေယာဥ်တွေ ပါဝင်တဲ့ အထူး တပ်ဖွဲ့တွေက လှုပ်ရှားသွားလာပါတယ်။ ပီဒီအတ်တွေနဲ့ ထိတွေ့ပြီဆိုတာနဲ့ အမြောက်ပစ်ယူကို ရယူနိုင်လာကြပါတယ်။ ထောက်လှမ်းခံရမှုက နေရှောင်ဖို့ အတွက် စစ်သားတွေက ခြေလျင်ပဲ သွားပြီး ယူနီဖောင်း ဝတ်လေ့ မရှိတဲ့ ပီဒီအတ်တွေ အဖြစ်လဲ ပုံမှား ရိုက်တတ်ပါတယ်။ အိုင်အီးဒီ လို့ခေါ်တဲ့ လက်လုပ်ဗုံးတွေကို တန်ပြန်ဖို့အတွက် ဂျန်မာတွေ ပိုမို သုံးလာတာသလို ညအချိန် စစ်ဆင်ရေးတွေ ပိုမို လုပ်ဆောင်လာပါတယ်။ 


အဲလို နည်းဗျူဟာတွေက အင်အားသေးငယ်တဲ့ ရွှေ့လျား တပ်ဖွဲ့တွေကို တိုက်ခိုက်ရေးသမားတွေ၊ အရပ်သားတွေကို လျင်လျင်မြန်မြန် ဝိုင်းပတ် ထိန်းချုပ်ဖို့ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ စစ်တပ်က နည်းဗျူဟာပြောင်းလာခဲ့တဲ့ ၂၀၂၃ ခုနစ် အစောပိုင်းက စတင်ပြီး အညာဒေသမှာ ထိတွေ့ တိုက်ခိုက်မှု နဲ့ လက်လုပ်ဗုံး ‌‌ပေါက်ကွဲမှု စတင်ပြီး လျှော့ကျလာပါတယ်။ ဒါပေမယ့်လဲ တိုက်ခိုက်မှု ဖြစ်စဥ် တခုခြင်းကိုကြည့်မယ်ဆိုရင် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာက ပြသပါတယ်။ ဆိုလိုတာက တိုက်ခိုက်မှု ဖြစ်စဥ် အကြိမ်နည်းသွားပေမယ့် တိုက်ပွဲကြီးတွေ ပိုမို ဖြစ်လာတာကို ပြသနေပါတယ်။

 

‌စစ်တပ် အနေနဲ့ တပ်တွေကို ကျစ်ကျစ်လစ်လစ် အသုံးပြု လှုပ်ရှားတာမှုကြောင့် ကျယ်ပြန့်တဲ့ နယ်မြေ ပေါ် ထိန်းချုပ်နိုင်မှုကတော့ ကျဆင်းသွားပါတယ်။ အဲဒီ ဟာကွက်ကို အသုံးချပြီး ခုခံရေး အင်အားစုတွေက ထိတွေ့မှု စဖြစ်တာနဲ့ ရှောင်ထွက်သွားလေ့ရှိကာ ထိပ်တိုက် တိုက်ခိုက်မှုကို ရှောင်ရှားပါတယ်။ ဒါပေမယ့်လဲ စစ်တပ် အနေနဲ့ သတင်းထောက်လှမ်းမှု ပိုမို ကောင်းမွန်လာတယ်လို့ ‌တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။


အလားအလာ

———————

လက်နက်ကိုင် ခုခံမှုကို နိုမ်နှင်းဖို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင် ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ် အနေနဲ့ အကြမ်းဖက်မှုကို ရွေးခြယ်လုပ်ဆောင်လာတာကို တွေ့ရပေမယ့် နေအိမ်မီးရှို့တာ၊ ခွဲခြားမှု မရှိဘဲ အကြမ်းဖက်တာတွေက အပြန်အလှန် ဖယ်ထုတ်မှု ရှိတဲ့ အရာတွေ ဟုတ်မနေပါဘူး။ အညာဒေသ အပူပိုင်းဇုန်တွင်းမှာ ခိုင်းနွားတွေကို သတ်ဖြတ်တာ၊ စိုက်ပျိုးရေး ကိရိယာတွေ ကို စစ်သားတွေ ဖျက်ဆီးတာ၊ လယ်ကွင်းတွေကို မိုင်းထောင်တာ တွေ စစ်တပ်က လုပ်ဆောင်နေတယ်လို့ အစီရင်ခံတာတွေ ပေါ်ထွက်လျက်ရှိပါတယ်။ 


ဒီအတွက်ကြောင့်လာမယ့် လတွေမှာ စစ်တပ်က မူလ မဟာဗျူဟာ ဖြစ်တဲ့ မီးရှို့မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံ လုပ်ဆောင်လာမယ်၊ အကြမ်းဖက်မှုတွေကို လုပ်ဆောင်မယ်၊ တော်လှန်ရေးသမားတွေ ဖြစ်တဲ့ ပီဒီအတ်တွေကို သတင်း အတိအကျ နဲ့ ဝင်ရောက် တိုက်ခိုက်တာတွေ ပိုမို လုပ်ဆောင်နိုင်လာပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...