Monday 14 August 2023

စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းတစ်ခုလုံးတွင် ဖွဲ့စည်းပုံအရ အင်အား ၈၀၀ ဦး ကျော် ရှိရမည်ဖြစ်သော်လည်း စစ်သား ၁၃၂ ဦး သာကျန်ရှိတော့ဟု လျှို့ဝှက် အစီရင်ခံ တင်ပြ


 စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းတစ်ခုလုံးတွင် ဖွဲ့စည်းပုံအရ အင်အား ၈၀၀ ဦး ကျော် ရှိရမည်ဖြစ်သော်လည်း စစ်သား ၁၃၂ ဦး သာကျန်ရှိတော့ဟု လျှို့ဝှက် အစီရင်ခံ တင်ပြ 

 

■ နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီ၏ ခြေလျှင်နှင့်ခြေမြန်တပ်ရင်းများတွင် တပ် ရင်း တစ်ခုလျှင် စစ်သား အင်အား ၁၀၀ အောက်သာကျန်ရှိနေပြီး တပ်ပျက် နေပြီဟုဆို


ရန်ကုန်၊ ဩဂုတ် ၁၄ 


ရှမ်းပြည်နယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်၊ နောင်ချိုမြို့ အခြေစိုက် အမှတ် ၁၁၄ ခြေမြန်တပ်ရင်း-ခမရ ၁၁၄ တွင် တပ်ရင်းတစ်ခုလုံး အင်အား ၁၃၂ ဦးသာ ကျန်ရှိတော့ကြောင်း နေပြည်တော်စစ်ရုံးသို့ တင်ပြသည့် လျှို့ဝှက် တင်ပြစာအရ သိရှိရသည်။ 


ပုံမှန်အားဖြင့် ဖွဲ့စည်းပုံအင်အားမှာ ခမရ ၁၁၄ တွင် အရာရှိနှင့်စစ်သား အင်အား ၈၅၇ ဦး ရှိရမည်ဖြစ်သော်လည်း လက်တွေ့တွင် ၁၃၂ ဦးသာရှိတော့ကြောင်း ၊ ယင်းတို့ထဲတွင် ရှေ့တန်းထွက် အင်အားမှာ ၇၀ ဦးဖြစ်ပြီး တပ်တွင်းတွင် ၆၂ ဦးသာကျန်ရှိကြောင်း သိရှိရသည်။ 


" ပေါက်ကြားလာတာက အမှတ် ၁၁၄ ခြေမြန်တပ်ရဲ့တပ်ရင်းတစ်ရင်းလုံး အင် အား ဖွဲ့စည်းပုံစာရွက်လို့ ပြောလို့ရပါတယ်၊ ဒီထဲက အင်အားစာရင်း အရ ဆိုရင် သူတို့ရဲ့လက်ရှိ ရှိတဲ့ အင်အားလို့တောင်ပြောလို့ရတယ်၊ နောက်ပြီး တော့ ဒါက အထက်ဌာနကို တင်ပြထားတဲ့ စာဖြစ်တယ်၊ အဲဒီတော့ ဒီဥစ္စာမှာတောင် နည်း နည်း လေး ပိုပိုသာသာ တင်ထားတာရှိဦးမယ်ပေါ့၊ ကျနော်ထင်တယ် ၊ အဲဒီ စာရွက်မှာ တောင်မှ အနည်းဆုံး စစ်သားအင်အား ၁၀ ဦးလောက် လက်တွေ့မှာ ထပ် လျော့နည်းမယ်လို့ ကျနော်ထင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ တပ်တွေ တော်တော် များများဟာ သူတို့ရဲ့ ရှိတဲ့အင်အားကို အမြဲတမ်း ၅ ယောက်ကနေ ၁၀ ယောက်ကြားကို အမြဲတမ်း ပိုပိုသာသာတင်ပြလေ့ရှိတယ်၊ ဒါကကျနော် သိခဲ့တဲ့ အခြေအနေ၊ အခုအခြေအနေက အဲထက်တောင်ပိုပြီးတော့ ဆိုးရွားနိုင် တယ်လို့ ကျနော်ကတော့ ယူဆတယ်၊ အဲဒီတော့ နဂိုတုန်းက ဆိုရင်တော့ ဒီလိုတပ်တွေဟာ အနည်းဆုံး လူအင်အား ၁၅၀ ကနေ ၁၇၀ ကြားမှာကို ရှိတယ် ပေါ့၊ ဒါကအာဏာမသိမ်းခင်အခြေအနေမှာပေါ့နော်၊ အခုအခြေအနေမှာတော့ ၁၃၀ ကျော်ဆိုတဲ့ ဥစ္စာကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်သွားပြီလို့ သုံးသပ်လို့ရတယ်၊ ဒါဟာ စာရွက်ပေါ်က အင်အားမှာတောင်မှ ဒီလောက်ပဲ ပြနိုင်တယ်ဆိုရင်တော့ စစ်တပ်ရဲ့အင်အားဟာ ကျနော်တို့ထင်တာ ထက်ကိုပို ပြီးတော့ လျော့နည်းသွားတယ်ဆိုတော့ ကျနော်တို့ ပြောလို့ရပါတယ်ဗျ" ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


အမှတ် ၁၁၄ ခြေမြန်တပ်ရင်းတစ်ခုလုံး၏ အင်အား ၁၃၂ ဦးတွင် စစ်သားမှာ ၂၅ ဦးသာရှိပြီး ကျန်သူများမှာ အရာရှိ၊ အရာခံ၊ အကြပ်များဖြစ်သည့်အတွက် စစ်သားအင်အား အလွန်နည်းပါးနေသည့် အခြေအနေကို ဖော်ညွှန်းနေသည်ကို တွေ့ရသည်။ 


ရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်ကမူ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ များတွင် စစ်သား သေဆုံးမှု အလွန်များပြားသည့်အတွက် တပ်ရင်းတပ်ဖွဲ့ ဖွဲ့စည်းပုံ အလွန် ပျက်စီးသည်အထိ အင်အား အလွန်နည်းပါး ကာ တပ်ပျက် နေကြောင်း ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...