Thursday 12 October 2023

စစ်တပ်က လိုင်ဇာ စစ်ဘေးရှောင်စခန်းမှ ပြည်သူများကို သတ်ဖြတ်မှု စစ်ရာဇဝတ်မှု ဖြစ်၍ နိုင်ငံတကာက စစ်ကောင်စီကို အရေးယူရန် KNU နှင့် CNF က တရားဝင် တောင်းဆို




 စစ်တပ်က လိုင်ဇာ စစ်ဘေးရှောင်စခန်းမှ ပြည်သူများကို သတ်ဖြတ်မှု စစ်ရာဇဝတ်မှု ဖြစ်၍ နိုင်ငံတကာက စစ်ကောင်စီကို အရေးယူရန် KNU နှင့် CNF က တရားဝင် တောင်းဆို 


ရန်ကုန်၊ အောက်တိုဘာ ၁၂ 


အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်၊ လိုင်ဇာရှိ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်းအပေါ်ကို ဗုံးကျဲတိုက်ခိုက်၍ ပြည်သူများကို သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ နိုင်ငံတကာက စစ်ကောင်စီကို အရေးယူပေးရန် ကရင့်အမျိုးသားအစည်းအရုံး-KNU နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က တရားဝင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ကြသည်။ 


အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်းအပေါ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးသူငယ်များ အပါအဝင် ပြည်သူ ၂၉ ဦးသေဆုံးခဲ့ပြီး ၅၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ၊ အာဏာသိမ်း စစ်ကောင်စီသည် စစ်ဘက် ၊ အရပ်ဘက် ကလေးသူငယ်ဟူ၍ ခွဲခြားမှုမရှိ၊ ပြည်သူလူထု အသက်အိုးအိမ် ထိခိုက်အသက်ဆုံးရှုံးမည်ကိုလည်း လုံး၀ငဲ့ညာခြင်းမရှိဘဲ အင်အား အလွန်အကျွံသုံး ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခြင်းသည် စစ်ရာ၀တ်မှု ကို ထပ်မံ ကျူးလွန်လိုက်ခြင်းဖြစ်၍ KNU က ပြင်းထန်စွာ ရှုတ်ချကြောင်း KNU က ထုတ်ပြန်သည်။ 


KNU အနေဖြင့် စစ်တပ်က ကျူးလွန်နေသော လူသားမျိုးနွယ်အပေါ် ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများကို မရပ်မနား လုပ်ဆောင်နေခြင်းကို နိုင်ငံတကာအသိုင်းအ၀ိုင်း အနေဖြင့် အမြန်ဆုံးနှင့် အထိရောက်ဆုံး အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုသည်။ 


အလားတူ ချင်းအမျိုးသားတပ်ဦး CNF ကလည်း စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုများကို ကျူးလွန် ချိုးဖောက်သည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ကျူးလွန်နေပြီး အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ကန့်ကွက် အပြစ်ပေးကြရန် အလေးအနက် တောင်းဆိုကြောင်း၊ စစ်အာဏာရှင်စနစ် ကျဆုံး သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယမန်နေ့ တရားဝင် ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...