Saturday 28 October 2023

လားရှိုးမြို့ရှိ တိန်းတန်စစ်ကောင်စီတပ်စခန်းကို TNLA ထပ်မံသိမ်းပိုက်



 လားရှိုးမြို့ရှိ တိန်းတန်စစ်ကောင်စီတပ်စခန်းကို TNLA ထပ်မံသိမ်းပိုက်


▪️လက်နက်ကြီး၊ငယ် ၁၈လက် ထပ်မံရရှိဟု အသိပေး


ဒီဒန်း/People’s Spring


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို တအာင်းတပ်မတော်(TNLA)က ယမန်နေ့ နံနက်တွင်တိုက်ခိုက်ခဲ့ရာ တိန်းတန် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။


'၁၀၂၇ စစ်ဆင်ရေး'အဖြစ် ယမန်နေ့နံနက်က နမ့်ခမ်းနှင့်လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို TNLAက တိုက်ခိုက်ခဲ့ရာ နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လားရှိုးရှိ တပ်စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ကြောင်း TNLAက အသိပေးလာခြင်းဖြစ်သည်။


TNLA တပ်မဟာ(၆)စစ်ဒေသ လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့ရာ နေ့လယ် ၁၂နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။


တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။


ရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ သေနတ် (၁၄)လက်၊ RPG (၁)လက်၊ 60MM- (၂လက်)၊ စက်လက်အကြီး (၁)လက်၊ လက်ပစ်ဗုံး- ၂၀၀ လုံး၊ RPG ကျည်- ၃၀ လုံး၊ 60MM ကျည်- ၅၀ လုံး၊ မိုင်း၊ ကျည်ဆံမြောက်များစွာ၊ စစ်အသုံးအဆောင်ပစ္စည်းများစွာတို့ဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။


ယမန်နေ့တွင် သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီစခန်း ၃ခုမှာ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း)တို့ဖြစ်ပြီး လက်နက်မျိုးစုံ ၂၀လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 


ထို့ပြင် စစ်ကောင်စီအလောင်း (၁၈)လောင်းကိုလည်း ရရှိခဲ့သည်ဟု အသိပေးသည်။ 


ထို့ကြောင့် စစ်ဆင်ရေးပထမနေ့အတွင်း စစ်ကောင်စီတပ်၏ လက်နက် ၄၀နီးပါးနှင့် ခဲယမ်း ကျည် အမြောက်အများကို TNLAက သိမ်းဆည်းထားနိုင်ခဲ့ပြီဖြစ်သည်။


ယမန်နေ့ တစ်ရက်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဂျက်ဖိုက်တာ ( ၇)ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟက်ယဥ်ဖြင့် ( ၅)ကြိမ်နှင့် ၁၂၀/၁၀၅ ဟောင်ဝေဇာအမြောက်ဖြင့် (၁၂) ကြိမ်ဖြင့် တိုက်ပွဲဖြစ်သည့်နေရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။


(လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ တိန်းတန်တပ်စခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...