Monday 25 December 2023

ဒဏ်ရာရနေချိန် PDF ရဲဘော်က လေကြောင်းတိုက်ခိုက်နေသည့်ကြားက ထမ်းခေါ်၍ အသက်ရှင်ရဟု ချောင်းနှစ်ခွတိုက်ပွဲ စစ်သုံ့ပန်းစစ်ကောင်စီတပ်သားပြော


 ဒဏ်ရာရနေချိန် PDF ရဲဘော်က လေကြောင်းတိုက်ခိုက်နေသည့်ကြားက ထမ်းခေါ်၍ အသက်ရှင်ရဟု ချောင်းနှစ်ခွတိုက်ပွဲ စစ်သုံ့ပန်းစစ်ကောင်စီတပ်သားပြော


"ငါ့ကိုပစ်သတ်ခဲ့လိုက်တော့ဆိုတော့ သူ(PDFရဲဘော်) က ထပြီးတော့  ဟာအကိုတဲ့အကို့ကို သတ်လို့လည်း မရဘူး။ သတ်လည်းမသတ်ဘူးတဲ့။ ကျနော်တို့ဆီက လက်မခံဘူးတဲ့ ။ အကို့ကို ကျနော် မရရအောင်ခေါ်မယ်ဆိုပြီးတော့ သူကျနော့်ကို ရအောင်ထမ်းခေါ်တယ်"


ဟန်နွေ/People’s Spring


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲ၌ စနိုက်ပါနှင့်ဒရုန်းဗုံးထိ၍ ဒဏ်ရာရနေသည့် လက်နက်ချ စစ်ကောင်စီတပ်သားတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်က ကယ်တင်လာ၍ အသက်ရှင်ခဲ့ရကြောင်း ကာယကံရှင် စစ်သုံ့ပန်းဖြစ်သူ တပ်သား သူနိုင်ဦးက ပြောသည်။

 

နိုဝင်ဘာဒုတိယပတ်တွင် ချောင်းနှစ်ခွရဲစခန်းနှင့် တံတား အပါအဝင် အဆိုပါဒေသရှိ စစ်ကောင်စီတပ်များကို KNUနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က စစ်ကူလာသည့် စစ်ကြောင်းတစ်ခုလုံးလည်းအထိနာပြီး သေဆုံးသူအများအပြားနှင့် လက်နက်ချသူအများအပြားရှိခဲ့သည်။


စအရ(၉၀၄)တပ်မှ တပ်သားသူနိုင်ဦးသည် လူမရှိ၍ဟုဆိုကာ စစ်ကူစစ်ကြောင်းတွင်  ပါဝင်လာခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၃ရက် နံနက်တွင် စီနီယာတစ်ဦး (၄၀) မမ ဗုံးသီးမှန်ပြီး ဗိုက်ပေါက်သွား၍ တက်ဆွဲစဉ် စနိုက်ပါ လက်ချက်ကြောင့် တင်ပါးကျည်ထိမှန်ခဲ့ကြောင်း၊ နေရာရွှေ့စဉ် ဒရုန်းဗုံးထပ်မံခဲ့၍ ၂ကြိမ်ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း တပ်သားသူနိုင်ဦးက တိုက်ပွဲအခြေအနေကို ပြောသည်။ 


လက်နက်ချခိုင်းသော်လည်း တပ်ရင်းမှူး မကျသေး၍ လက်နက်မချသေးကြောင်း၊ တပ်ရင်းမှူး ဗိုလ်မှူးထိသွားရာ ယင်းဒဏ်ရာရ ဗိုလ်မှူးက အားမငယ်ရန် ပြောပြီး စစ်ကူလာပြီဖြစ်ကြောင်း၊ လေယာဉ်လာပြီဖြစ်ကြောင်း ပြောသော်လည်း လေယာဉ်ပစ်ကူက PDF ဘက်ကိုအထိနာအောင် မတိုက်ခိုက်နိုင်ကြောင်း၊ လေယာဉ်လာစဉ်ရှောင်နေသည့် PDF က လေယာဉ် ပြန်သွားချိန် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊  ဗိုလ်မှူးသေသွားချိန်တွင် ကျန်နေသည့် ဗိုလ်ကြီးကလက်နက်ချရန်ဆုံးဖြတ်ခဲ့ကြောင်း တပ်သားသူနိုင်ဦးက ရှင်းပြသည်။

 

"ကျနော်တို့စသိတာက တိုက်ပွဲဖြစ်တော့ သူတို့အင်အား သုံးလေးရာပဲရှိမယ်ထင်တာ။ ဒါပေမဲ့ အင်အားက အဲဒီထက်မကဘူး။ တစ်ထောင်လောက်ဖြစ်နေတာ။ ကျနော်တို့လည်းတိုက်တာ မခံနိုင်တော့ဘူး။ ကျနော်တို့လည်း တောင့်ခံတယ်။ မခံနိုင်တော့ဘူး။ မခံနိုင်တော့တဲ့အဆုံး ကျတော့ ကျနော်တို့ လက်နက်ချတယ်"ဟု ၎င်းက ပြောသည်။


ဒဏ်ရာရသူများကို ခေါ်သွားသော်လည်း လမ်းမလျှောက်နိုင်သည့် တပ်သားသူနိုင်ဦးသည် တောင်ကုန်းတစ်ခုပေါ်တွင် တစ်ယောက်တည်း ကျန်နေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


 သို့ရာတွင် PDF ရဲဘော်တစ်ဦးက ၎င်းလှုပ်ရှားသည်ကိုတွေ့ပြီး မသေသေး၍ ရေတိုက်၊ ဓာတ်ဆားရေတိုက်ပြီး ထမ်းခေါ်ကြောင်း ပြောပြသည်။

 

"ကျနော့်ဝိတ်ကို သူ့ခန္ဓာကိုယ် ပိန်ပိန်လေးနဲ့သူကျနော့်ကို ရအောင် ထမ်းခေါ်တယ်။ထမ်းခေါ်တဲ့အချိန်မှာ လေယာဉ်တက်လာတော့ သူနဲ့ ကျနော်နဲ့ ဝတ်နေလိုက်တာပေါ့။ ဝတ်နေတဲ့အချိန်မှာ ကျနော်သူ့ကို ပြောလိုက်တယ်။ ညီလေး မင်းငါ့ကို ဟိုဟာဖြစ်ရင် ပစ်ပြီးထားခဲ့လိုက်တော့ ပစ်သတ်ခဲ့လိုက်တော့ ငါ့ကို မင်းခေါ်လို့လည်း အဆင်မပြေဘူး။ မင်းလည်း ဒုက္ခရောက်တယ် မင်းအတွက်လည်း အန္တရာယ်ရှိတယ်။ ငါ့ကို ပစ်သတ်ခဲ့လိုက်တော့ဆိုတော့ သူကထပြီးတော့  ဟာအကိုတဲ့အကို့ကို သတ်လို့လည်း မရဘူးသတ်လည်းမသတ်ဘူးတဲ့။ ကျနော်တို့ဆီက လက်မခံဘူးတဲ့ ။ အကို့ကို ကျနော်မရရအောင်ခေါ်မယ်ဆိုပြီးတော့ သူကျနော့်ကို ရအောင်ထမ်းခေါ်တယ်"ဟု စစ်သုံ့ပန်း တပ်သားသူနိုင်ဦးက ပြောပြသည်။


ရာဘာပင်များအောက်ရောက်သွားချိန်တွင် ထမင်းနှင့် ကြက်ဥကြော်ကျွေးပြီး နားသည့်နေရာရောက်ချိန်တွင် ဆေးကုသပေးကြောင်း ပြောပြသည်။

 

“ကျနော်တို့ ကြားထားတဲ့ သတင်းလို့ သူတို့အဖွဲ့ထဲရောက်လာရင် လက်နက်ချပြီး အညံ့ခံလို့ရှိရင် သတ်တာတို့ဘာတို့ မရှိပါဘူး။ တကယ်ကို ကောင်းပါတယ် ကျနော်တို့အပေါ်ကို”ဟု တပ်သား သူနိုင်ဦးက ပြောသည်။


ဒဏ်ရာရ၍ အတွင်းခံတစ်ထည်တည်းသာ ကျန်ရှိတော့သည့် တပ်သား သူနိုင်ဦးကို ဆောင်တစ်ထည်ပေးပြီး နောက်နေ့တွင်   အင်္ကျီပုဆိုးများ ဝယ်ပေးကြောင်း၊ ကောင်းမွန်စွာကျွေး၊ ကောင်းမွန်စွာထား၊ အပေါ့အပါးသွားတာက အစလိုက်ပို့၊ ဆေးကို အချိန်မှန်လာတိုက်ကြောင်း တပ်သား သူနိုင်ဦးက ရှင်းပြသည်။

 

၎င်းတို့ တပ်ထဲနေချိန်တွင် PDFထံ လက်နက်ချပါက အသတ်ခံရမည်ဟု ဝါဒဖြန့်ထားကြောင်း ပြောပြသည်။


"တကယ့်တကယ် ကိုယ်မနိုင်တော့ လက်နက်ချပြီး အလင်းဝင်တော့ သူတို့က ကိုယ်ထင်တာထက်တောင် ကောင်းနေသေးတယ်။ တပ်ထဲမှာ ပြောပြတဲ့ သတင်းတွေထက်စာလို့ရှိရင်သူတို့လုပ်တဲ့ဟာတွေက ကျနော်တို့အတွက်ကောင်းတယ်"ဟု တပ်သား သူနိုင်ဦးက ပြောပြပြီး ၎င်းတို့အနေဖြင့် နှိပ်စက်ခံရမှုပင်မရှိဟု ပြောသည်။


ချောင်းနှစ်ခွတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီးလည်း စစ်ကောင်စီ အထက်အရာရှိများက တစ်ဖက်အဖွဲ့၏ အင်အားကို သိသော်လည်း အင်အားအနည်းငယ်ဖြင့် စစ်ကူစေလွှတ်ခဲ့ကြောင်း ပြောသည်။ စစ်ကြောင်းအရာရှိများက KNU/PDF ဘက်က အင်အားအလွန်များကြောင်းပြောသော်လည်း စစ်ကြောင်းကို အရှေ့ရအောင်တိုးခိုင်း၍ ရှေ့သို့ဖောက်ထွက်ခဲ့ရာ  စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များခဲ့သည်ဟု ပြောသည်။


“အခုလိုမျိုး ဒီပုံစံတိုင်းသာ ဆက်ပြီးလုပ်မယ်ဆိုရင် တပ်မတော်ကြီးမှာ ရှိတဲ့ စစ်သည်စစ်သားအားလုံးအကြပ်တပ်သား တစ်ကောင်မှ ကျန်မှာမဟုတ်ဘူး။ အခု က ကျနော်တို့က သူတို့အပေါ်က ကောင်းစားဖို့အတွက်ကို အောက်က တပ်သားအဆင့်ကနေ ပအရာခံဗိုလ်အဆင့်လောက်က ကျားကန်ပြီးလုပ်ပေးနေရသလိုဖြစ်နေတယ်"ဟု တပ်သားသူနိုင်ဦးက ပြောသည်။

  

နိုဝင်ဘာလလယ်က ဖြစ်ခဲ့သည့် ချောင်းနှစ်ခွတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအဆင့် အပါအဝင် ၂၂ဦးသေဆုံးပြီး ၂၈ဦး လက်နက်ချကာ  လက်နက်မျိုးစုံ အလက် ၅၀ ကျော် ကို KNU/PDF ပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...