Saturday 17 February 2024

မောင်တော ဗောဓိကုန်းစခန်းကို AA သိမ်းပိုက်


 မောင်တော ဗောဓိကုန်းစခန်းကို AA သိမ်းပိုက်


▪︎မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိ၊ လက်နက်များရဟု အသိပေး


ရှိုင်း/People’s Spring


ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ၊ ဗောဓိကုန်း စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။


ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီ ၁၅ရက် မနက်တွင် ထိုးစစ်ဆင်ခဲ့ရာ ၂၄ နာရီ ကျော်အကြာ ဖေဖော်ဝါရီ ၁၆ရက်မနက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးအမြောက်အများ ပစ်ခတ်တိုက်ခိုက်မှုများကြားမှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရန်သူ့အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့ဟု AAက ထုတ်ပြန်သည်။အချိန်တိုအတွင်း အထိအခိုက်အနည်းဆုံး နှင့် စခန်းသိမ်းနိုင်ခဲ့သော တိုက်ပွဲဖြစ်ကြောင်းလည်း ဖော်ပြထားသည်။


AAသည် ဖေဖော်ဝါရီ ပထမပတ်အတွင်းကလည်း မောင်တောမြို့ တောင်ပြို(လက်ဝဲ)နှင့် တောင်ပြို(လက်ယာ) စစ်ကောင်စီစခန်း ၂ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်သို့ထွက်ပြေးသွားသည်။


ထိုအပြင်ဖေဖော်ဝါရီလ (၁၆) ရက်တွင်ပင် မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် အမှတ် ၂၆၃ခြေလျင်တပ်ရင်း(ခလရ -၂၆၃) နှင့် AA တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့ဟု ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟု အသိပေးသည်။ တိုက်ပွဲအတွင်း၌လည်း ရန်သူ့လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရရှိကြောင်း သိရသည်။


အလားတူ ယမန်နေ့ နေ့လည်မှာပင် ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ အနီး တောင်ကြောတွင် စစ်ကောင်စီ တပ်၏ ခမရ (၅၃၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၄ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။


အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ နောက်ဆုတ်သွားကာ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ အပြန်

အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ဟုလည်း သိရသည်။


အဆိုပါတိုက်ပွဲအတွင်းသို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်းစလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။


ထိုအပြင် ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ၌ မြို့ ၇ မြို့သိမ်းပိုက်ထိန်းချုပ်ထားသော AA က မောင်တော၊ ရသေ့တောင်၊ရမ်းဗြဲ စသောမြို့နယ်များတွင်ထိုးစစ်ဆင်တိုက်ခိုက်နေသလို မအိမြို့ရှိစစ်တပ်စခန်းများကိုလည်းတိုက်ခိုက်နေ

သည်။


 တောင်ကုတ်မြို့နယ် အတွင်းရှိ၊ မအီမြို့၌ ဖေဖော်ဝါရီ ၁၆ည တွင်တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်မှ စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် AAက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။


"တိုက်ပွဲအရမ်းပြင်းထန်‌နေတယ်။ မအီတံတားလည်း ကျိုးသွားပါပြီ" ဟု ယ‌နေ့ည ၁၁ နာရီခွဲခန့်အခြေအ‌နေကို AAနှင့် နီးစပ်သောစစ်ရေးသတင်းရင်းမြစ်ကပြောသည်။


မအီမြို့မှ စစ်ကောင်စီစခန်းများကို AAက ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းမှ စတင်တိုက်ခိုက်နေပြီး ထိုနေ့လယ်တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်အချို့ကို စက်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့သည်။


(မအိမြို့မှ စစ်ကောင်စီဝန်ထမ်းများနှင့်မိသားစုများကို စစ်ရဟတ်ယာဥ်ဖြင့်ရွေ့ပြောင်းနေစဥ်။ရုပ်သံ-CJ)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...