Thursday 22 February 2024

ကောလင်းအဆုတ်၊ ပင်လည်ဘူး၊ ကလေး အတက်


 ကောလင်းအဆုတ်၊ ပင်လည်ဘူး၊ ကလေး အတက်


ပြီးခဲ့တဲ့ ရက်ပိုင်းက ကောလင်းမြို့ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ တော်လှန်ရေး အင်အားစုတွေ ယာယီ ဆုတ်ခွာပေးလိုက်ရတယ်။ မြို့တွင်းဝင်သွားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး အင်အားစုတွေက မြို့ပြင်ကနေ အထပ်ထပ်ဝိုင်းပြီး ပိတ်ဆို့ တိုက်ခိုက်လျက်ရှိပါတယ်။ ဒါပေမယ့် လူထု ကတော့ အမျိုးသားညီညွတ်‌ရေးအစိုးရ ထိန်းချုပ်ထားတဲ့ မြို့တမြို့ ပြန်လည်ပေးအပ်လိုက်မှုအတွက် စိုးရိမ်စိတ်တချို့ပေါ်လျက်ရှိပါတယ်။ စစ်မဟာဗျူဟာသဘောမှာကတော့ စစ်သဘောအရ ဆုတ်ရတာ၊ တက်ရတာ၊ ရှောင်ရတာတွေ ရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ တနိုင်ငံလုံးမှာ ကွက်ပြည့်နင်း တိုက်ခိုက်နေတဲ့တပ် ဖြစ်တာကြောင့် စစ်ရေးအရဆိုရင်လဲ‌ ဒေသတခုတည်းကို ကွက်ကြည့်လို့မရပါဘူး။ 


🔺 ကောလင်းမှာ ဆုတ်ရပေမယ့် ပင်လည်ဘူး မြို့ပေါ်၊ ကလေးမြို့ပေါ်တွေမှာ စစ်ရေးအရ ရှေ့တိုး တိုက်လျက်ရှိသလို 

🔺 တန့်ဆည်နယ်ထဲက ကဒူးမစခန်းကိုလည်း တိုက်ခိုက်နိုင်နေပါတယ်။ 

🔺 မင်းလှမြို့နယ်၊ ပဲခူးရိုးမပေါ် တိုက်ပွဲမှာလည်း ရန်သူ (၄၀) ထိခိုက်ဆုံးရှုံးအောင် ၃၈၀၂ တပ်ရင်းက တိုက်ခိုက်နိုင်ခဲ့ပါတယ်။ 

🔺 ပင်လည်ဘူး မြို့တွင်းတိုက်ပွဲမှာ ရဲစခန်း၊ ဘုရားကုန်း၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ် ဖွံဖြိုးရေး သင်တန်းကျောင်း အပါအဝင် မြို့တွင်းမှာ တပ်စွဲထားတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ 

🔺အလားတူ စကခ (၁၀) အခြေစိုက်ထားတဲ့ ကလေး မြို့မှာလဲ မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ် နေရာတွေကို ချင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ၊ ပကဖတွေ၊ ဒေသကာကွယ်ရေး တပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။

 ဒီတိုက်ပွဲတွေကို ကြည့်ရင် မြို့ပြ ဒေသတွင်းထိ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပြီး တော်လှန်ရေးအင်အားစု အသီးသီးရဲ့ နယ်မြေ စိုးမိုးနိုင်မှု၊ စိမ့်ဝင် ထိုးဖောက်နိုင်မှု နဲ့ စစ်အုပ်စုရဲ့ ထိန်းချုပ်နိုင်မှု လျော့ကျသွားမှု သိသာထင်ရှားပါတယ်။ 


တိုင်းရင်းသား နယ်မြေတွေကို ကြည့်ရင်လဲ ပိုမိုကြီးမားတဲ့ စစ်ရေးအောင်ပွဲကြီးတွေ ရရှိနေတာတွေ့နိုင်ပါတယ်။ ရခိုင်ဒေသမှာဆိုရင် မြို့တွေ နဲ့ စကခ ဌာနချုပ်၊ တပ်ရင်းဌာနချုပ်တွေကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်နေပြီ ဖြစ်ပါတယ်။ ကချင်ဒေသမှာ ဆိုရင် ကချင် နဲ့ ရှမ်းမြောက်ဒေသကြား နဲ့ စကခ (၂၁) အခြေစိုက်တဲ့ ဗန်းမော် မြို့အနီးမှာ မဟာဗျူဟာ မြောက်တည်ရှိနေတဲ့ အင်အားရာချီ တပ်စွဲထားတဲ့ မံစီ မြို့နယ်၊ စီခန်းကျေးရွာရှိ စစ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် ဦးဆောင် သိမ်းယူနိုင်လိုက်ပါတယ်။ ဒီလို သိမ်းပိုက်နိုင်မှုကြောင့် ရှမ်းမြောက်ဒေသတော်လှန်ရေး အင်အားစုတွေ နဲ့ ကချင်ဒေသ၊ စစ်ကိုင်းအထက်ပိုင်း ဒေသ ချိတ်ဆက်ရေး ပိုမိုအားကောင်းလာမှာဖြစ်ပါတယ်။ 


ရှမ်းပြည်နယ် မြို့တော် တောင်ကြီးအနီး မြို့နယ်တွေမှာလဲ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ပေါ်ပေါက်လာပါတယ်။ ပအိုဝ်း PNLA တပ်ဖွဲ့ နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP တပ်တွေ စစ်တပ်ကို ခုခံတိုက်ခိုက်လာတာကြောင့် ဟိုပုံးမြို့နယ်၊ မိုင်းပွန် မြို့နယ်တို့မှာ တို့မှာ တိုက်ပွဲတွေ ပေါ်ပေါက်လာပါတယ်။ တော်လှန်ရေး သုံးနှစ်တာ ကာလ မှာ တောင်ကြီး အနီး မြို့နယ်တွေ တိုက်ပွဲတွေ ဖြစ်ပွားခြင်း မရှိပေမယ့် PNLA က စစ်တပ်ကို ပြန်လည် တိုက်ခိုက်လာပြီးတဲ့ နောက်မှာ အဲဒီ ဒေသတွေမှာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။


အထက်ဖော်ပြပါ ဖြစ်စဥ်တွေကို ခြုံကြည့်ရင် စစ်ကိုင်းအထက်ပိုင်း ဒေသ၊ ပဲခူး ရိုးမ ဒေသ တွေမှာ စစ်ဆင်တိုက်ခိုက်မှုတွေ သိသိသာသာ ပေါ်ထွက်လာသလို စစ်မျက်နှာသစ်ဖြစ်တဲ့ ရှမ်းတောင်ပိုင်း ဒေသတွေမှာလဲ တိုက်ခိုက်မှုတွေ စတင်ပေါ်ထွက်လာပါတယ်။ ရခိုင်ဒေသမှာတော့ စစ်တပ်ဟာ ကြီးမားတဲ့ အရှုံးတွေကို ရင်ဆိုင်နေရပါတယ်။  


ဒါတွေဟာ တနိုင်ငံလုံးမှာ လက်တလော ဖြစ်ပေါ်နေတဲ့ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်ပါတယ်။ လေယာဥ်ပစ် ဒုံးကျည်စနစ်တွေ နဲ့ လက်နက်ကြီးတွေ လုံလောက်စွာ တပ်ဆင်နိုင်ခြင်းမရှိတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဟာ ဒေသတခု၊ မြို့တမြို့ကို ကာလရှည်ကြာ ထိန်းထားဖို့ ကန့်သတ်ချက်တွေ ရှိနိုင်ပြီး စစ်ရေးအရ အဆုတ်၊ အတက် နဲ့ပဲ ရန်သူကို ထိုးနှက် တိုက်ခိုက်ရပါလိမ့်မယ်။ အဲလို တိုက်ခိုက်မှု ရေရှည်လာတဲ့အခါ ရန်သူရဲ့ ခုခံနိုင်စွမ်း အလွန်အမင်း ကျဆင်းသွားပြီး လုံးဝ အရှုံးပေးရတဲ့ အခြေအနေ ကို ရောက်လာပါလိမ့်မယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...