Saturday 30 March 2024

ကချင် တန်ပြန် ထိုးစစ် (၁)


 ကချင် တန်ပြန် ထိုးစစ် (၁)


မတ်လ (၇) ရက်နေ့ မနက်လင်းအားကြီးချိန် လိုင်ဇာဒေသမှာပေါ်ထွက်လာတဲ့ ဒရုန်းသံဟာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ကချင်လူထုအတွက် သမိုင်းသစ်ကို ဆောင်ယူလာခဲ့တယ်။ အဲဒီနေ့ မနက်ပိုင်းမှာပဲ KIA ဌာနချုပ် လိုင်ဇာ နားက အဓိက စစ်စခန်းတွေ၊ ဗန်းမော်-မြစ်ကြီးနား တလျှောက်က စစ်စခန်းတွေ၊ ဖားကန့်၊ ဆွမ်ပရာဘွမ် နဲ့ ကချင် ဒေသ အသီးသီး စစ်စခန်းတွေကို KIA ပူးပေါင်း တပ်တွေက တပြိုက်နက်နီး ပါးဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၃ ခုနစ် ဇွန်လက စတင်တဲ့ လိုင်ဇာ ဒေသ ထိုးဖောက်ရေး အကြမ်းဖက် စစ်တပ်ရဲ့ စစ်ဆင်ရေး ကျရှံးသွားပြီးနောက် ယခုလို တန်ပြန်ထိုးစစ် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ဒီထိုးစစ် နဲ့ ကချင်တန်ပြန် ထိုးစစ်ကြားမှာ ရှမ်းမြောက် ဒေသ နဲ့ မံစီ ဒေသ က ဗျူဟာကျတဲ့ စစ်စခန်းများစွာကို ကချင်လွတ်လပ်ရေး တပ်မတော်က သိမ်းပိုက်တာ၊ ဝိုင်းပတ် ပိတ်ဆို့ထားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကချင်တန်ပြန်ထိုးစစ် ကို လက်တလော စစ်ရေး အခြေအနေ နဲ့ မဟာဗျူဟာ တခုလုံး ပြန်လည် သုံးသပ်ခြင်းဆိုပြီး ၂ ပိုင်း ခွဲကြည့်နိုင်တယ်။


လတ်တလော စစ်ရေး အခြေအနေ


KIA စစ်ဌာနချုပ် လိုင်ဇာကို လက်နက်ကြီးတကမ်းကနေ ခြိမ်းခြောက်နေတဲ့ စစ်တပ်စခန်း အားလုံးကို သိမ်းပိုက်လိုက်ပြီးဖြစ်သလို မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်က တပ်ရင်း ဌာနချုပ်တွေ ကိုလဲ သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်ပါတယ်။ လိုင်ဇာဒေသမှာ စစ်တပ် ကင်းစင်သွားပြီ ဖြစ်ပြီး ဗန်းမော်မြို့ ကိုလဲ အရပ်လေးမျက်နှာက ပိတ်ဆို့နိုင်လိုက်ပြီလို့ ပြောလို့ရပါတယ်။ မတ်လ (၇) မနက်ပိုင်းက စတင်ပြီး မိုးမောက်၊ ဝိုင်းမော် မြို့နယ်ထဲမှာ ရှိတဲ့ စစ်စခန်း (၁၂) နေရာကို KIA တပ်ပေါင်းစုက တပြိုက်နက် ဝင်ရောက် တိုက်ခိုက်ပြီး ကချင် ဒေသ တန်ပြန် ထိုးစစ် စတင်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်နေမှု နဲ့ တပြိုင်နက်မှာ လိုင်ဇာ နဲ့ အနီးဆုံး လေတပ်စခန်းတွေဖြစ်တဲ့ မြစ်ကြီးနား နမ့်ပေါင် လေတပ် နဲ့ ဗန်းမော် မြို့ လေယာဉ်ကွင်း တွေကို KIA နဲ့ KPDF တပ်ဖွဲ့တွေ က ဒုံးကျည်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ စစ်ဆင်ရေးစတင်ပြီး နောက်တရက် ဖြစ်တဲ့ မတ်လ (၈) ရက်နေ့မှာ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန် ဒေသ က ခလရ (၁၄၂) တပ်ရင်း တခု လုံး အင်အား (၁၀၀) နီးပါး၊ မိသားစုဝင် (၁၀၀) ခန့် နဲ့ အတူ လက်နက်ချခဲ့ပါတယ်။ ဒါဟာ ကချင်ဒေသတွင်း ပထမဆုံး တပ်ရင်းလိုက် လက်နက်ချမှု အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မတ်လ (၉) ရက်နေ့မှာ လိုင်ဇာ ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်ခြိမ်းခြောက်လက်ရှိတဲ့ ခါယာ တောင်စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လဂျားယန်ရွာကနေ လိုင်ဇာမြို့ အဝင် Masen Kawng စစ်စခန်းကိုလဲ သိမ်းပိုက်နိုင်လိုက်ပါတယ်။ အဲဒီ စခန်းဟာ လိုင်ဇာ မြို့အဝင် မုဒ်ဦး အကျော်လေးမှာ ရှိပြီး ၂၀၁၁ တကျော့ပြန် စစ်ပွဲအပြီးမှာ စခန်းကျထားခဲ့ကာ ဖြစ်ကာ ၂၀၂၄ ခုနစ် တန်ပြန်ထိုးစစ်မှာ ပြန်လည် သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ပါတယ်။


တပ်မ (၈၈) တပ်မမှူး ကိုယ်တိုင် စခန်းထိုင်တယ်လို့ သတင်းပေါ်ထွက်နေတဲ့ ဘွမ်ရယ်ဘွမ် တပ်စခန်းကို မတ်လ (၁၅) ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ခါယာစခန်း၊ ဖွန်းပျန်ဘွမ် စခန်းတွေကနေ ဆုတ်ခွာလာတဲ့ စစ်သား အများအပြား ဘွမ်ရယ်ဘွမ် စခန်းမှာ သွားရောက် စခန်းချခဲ့ကြပြီး ဘွမ်ရယ်ဘွမ်စခန်းကို သိမ်းပြီးတဲ့ အချိန်မှာ လိုင်ဇာအနီးက စစ်တပ်စခန်း အကြီးအားလုံး ကုန်စင်သွားပြီဖြစ်ပါတယ်။ ဘွမ်ရယ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း (အမှတ် ၁ စစ်ဒေသမှူး) တို့ သွားရောက် စစ်ဆေးနေတဲ့ ပုံတွေ မတ်လ (၂၀) ရက်နေ့မှာ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး သိမ်းပိုက်ရရှိတဲ့စခန်းတွင်း အမြောက်ကြီးတွေပါ တပ်ဆင်ထားတာ တွေ့ရှိရပါတယ်။ မတ်လ (၂၁) ရက်နေ့မှာ KIO/KIA ဌာချုပ်ဟောင်း ဖြစ်ပြီး လက်ရှိ မှာ စစ်တပ် အင်အား (၁၅၀) နဲ့ တပ်စွဲထားတဲ့ ပါဂျိုနားဖော့ စစ်စခန်းကို သိမ်းပိုက်နိုင်လိုက်ပါတယ်။ အဲဒါ ဌာနချုပ်နေရာဟာ ၁၉၈၆-၈၇ ခုနစ်တွေမှာ သိမ်းပိုက်ခံခဲ့ရတာဖြစ်ပြီး ၂၀၂၄ ခုနစ်မှာ ပြန်လည် သိမ်းယူနိုင်လိုက်ပြီ ဖြစ်ပါတယ်။


လိုင်ဇာ တောင်ပေါ်ဒေသမှာရှိတဲ့ စစ်စခန်းတွေကို သိမ်းယူလိုက်သလို လိုင်ဇာအနီး မြေပြန့် ဒေသ ကနေ ဝိုင်းပတ်ထားတဲ့ စစ်တပ် တပ်ရင်းဌာနချုပ်တွေကိုလဲ KIA နဲ့ ပူးပေါင်းတပ်တွေက တန်ပြန်ထိုးစစ်တွင်း တိုက်ခိုက် သိမ်းပိုက်လျက်ရှိပါတယ်။ မိုးမောက်မြို့ နဲ့ (၁၂) မိုင်အကွာ မှာ ရှိတဲ့ စကခ (၂၁) လက်အောက်ခံ ခလရ (၂၃၇) တပ်ရင်းကို မတ်လ (၁၄) ရက်နေ့မှာ သိမ်းယူလိုက်ပြီး လက်နက်မျိုးစုံ (၁၀၀) ကျော်သိမ်းယူနိုင်လိုက်ပါတယ်။ မြစ်ကြီးနား-ဗန်းမော် ကားလမ်း နွယ်လန့် ရှိ ခမရ (၄၃၈) တပ်ရင်း ကို မတ်လ (၂၁) ရက်နေ့၊ နွယ်လန့်ရှိ အမှတ် (၆၁၆) ဒုံးတပ်ရင်းဌာနချုပ်ကို မတ်လ (၂၁) ရက်နေ့၊ မိုးမောက်မြို့နယ်ရှိ အမြောက်တပ် အမတ (၃၇၀) ကို မတ်လ (၂၂) ရက်နေ့တို့တွင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မိုးမောက် မြို့နယ်၊ မြို့သစ်မှာရှိတဲ့ ခမရ (၃၂၀) နဲ့ ခမရ (၃၈၇) တပ်ရင်းဌာနချုပ်ကို မတ်လ (၂၆) ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။ မြို့သစ်မှာ ရှိတဲ့ တပ်ရင်းဌာနချုပ် လေးခု ဖြစ်တဲ့ ခမရ (၃၂၀)၊ ခမရ (၃၈၇)၊ ခမရ (၄၃၈) နဲ့ အမတ (၃၇၀) လေးခု လုံးကို KIA ပူးပေါင်း တပ်ဖွဲ့က သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်ပါတယ်။ စကခ (၂၁) အခြေစိုက်တဲ့ ဗန်းမော် မြို့ နဲ့ မြို့သစ် မြို့ဟာ (၁၃) မိုင်လောက်ပဲ ကွာဝေးပြီး အဲဒီ က တပ်ရင်း ဌာနချုပ်တွေပါ သိမ်းပိုက်ခံထားရတာ ဖြစ်ပါတယ်။ လိုင်ဇာ မြို့ ပတ်ခြာလည်က စစ်စခန်း နဲ့ မြေပြန့်မှာ ရှိတဲ့ စစ်တပ်ရင်းဌာနချုပ်တွေကို တိုက်ခိုက်နေသလို ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက ခလရ (၁၄၁) စစ်စခန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်လျက်ရှိပါတယ်။ ဝိုင်းမော်မြို့ အထွက် ရွှေညောင်ပင် ကနေ ဗန်းမော် မြို့ နားမှာရှိတဲ့ စစ်တပ်စခန်း နဲ့ တပ်ရင်းဌာနချုပ်တွေ အကုန်လုံး နီးပါးလောက်ကို မတ်လ နှောင်းပိုင်းမှာ KIA ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်ပါတယ်။


လိုင်ဇာ အနီးပတ်ခြာလည် စခန်းတွေ သိမ်းပိုက်ပြီးတဲ့နောက် မှာ မိုင်ဂျာယန်၊ စိန်လုံ နဲ့ ဗန်းမော် ကြား တိုက်ပွဲတွေ စတင်လာပါတယ်။ ဗန်းမော် နဲ့ မိုင်ဂျာယန်၊ လွယ်ဂျယ်ကြား တိုက်ပွဲတွေ မစတင်ခင်က‌နေ ဗန်းမော် မြို့ တောင်ဘက်က စစ်စခန်းကြီးတွေကို KIA ပူးပေါင်း တပ်ဖွဲ့တွေ တစတစ သိမ်းယူထားပြီး ဖြစ်ပါတယ်။ မတ်လ နှောင်းမှာ ပေါ်ပေါက်လာတဲ့ စစ်ရေးအခြေအနေ ကတော့ ဗန်းမော် မြို့ကို အဘက်ဘက်က ဝန်းရံ ပိတ်ဆို့လိုက်တဲ့ ပုံ ပေါ်လာပါတယ်။ မိုးမောက်-လွယ်ဂျယ် လမ်း၊ စိန်လုံတောင် နားက စစ်တပ်စခန်း (၄) ခု ကို မတ်လ (၂၇) ရက်နေ့ မနက်ပိုင်း က စတင်ပြီး KIA ပူးပေါင်း တပ်က တိုက်ခိုက်ဟာ ဗန်းမော်-လွယ်ဂျယ်-မိုင်ဂျာယန် စစ်မျက်နှာ စတင် ပေါ်ထွက်လာပါတယ်။ ယော်ယုံ၊ ရှန်တိုင်၊ ဖာလန်င်း နဲ့ ဘန်ယောင် စစ်စခန်းတွေမှာ တိုက်ပွဲ ဖြစ်ပွားနေပြီး ယောယုံ စခန်းကို မတ်လ (၂၈) ရက်နေ့မှာ သိမ်းယူနိုင်လိုက်ပါတယ်။ ဒီတိုက်ပွဲတွေဟာ မိုးမောက်၊ လွယ်ဂျယ်ဒေသမှာ ကချင် တန်ပြန်ထိုးစစ် နဲ့ အတူ ပေါ်ထွက်လာတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ အဲဒီ မတိုင်ခင်ကတော့ ဗန်းမော် မြို့ အောက်ဘက် ဒေသတွေ ဖြစ်တဲ့ မံစီ မြို့နယ် ထဲက အရေးကြီး စစ်စခန်းတွေဖြစ်တဲ့ ကိုက်ထိပ်စခန်း၊ စီခမ်းကြီးစခန်း နဲ့ နမ့်ခမ်း မြို့နားက မံဝိန်းကြီး တို့ကို သိမ်းယူထားပြီး ဖြစ်ပါတယ်။ 


မံစီမြို့နယ်ထဲက ကိုက်ထိပ်စခန်းကို ဇန်နဝါရီ ၂၉ ရက်နေ့၊ အင်အား ၂၀၀ ကျော်တပ်စွဲထားတဲ့ စီခမ်းကြီး (ဂျယ်ခမ်း) ဗျူဟာ စခန်းကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ မံဝိန်းကြီး ကောင်းခန် အထိုင်စခန်း ကို ဇန်ဇဝါရီလ (၂၁) ရက်နေ့မှာ သိမ်းယူနိုင်လိုက်ပါတယ်။ မံစီ မြို့အောက်မှာ ရှိတဲ့ မဘိန်း မြို့ကို ဇန်နဝါရီလ (၂၁) ရက်နေ့ကတည်းက KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးဖြစ်ပါတယ်။ အဲဒီ သိမ်းပိုက်မှုတွေကို ကြည့်ရင် ဗန်းမော်မြို့ဟာ မြောက်ဘက် လိုင်ဇာခြမ်း၊ အနောက်ဘက် လွယ်ဂျယ်၊ စိန်လုံဘက်ခြမ်း၊ တောင်ဘက် မံစီ ဘက်ခြမ်း တို့မှာ ဝန်းရံ ပိတ်ဆို့ခံလာရပြီး အရှေ့ဘက် ရွှေကူ မြို့နယ်ဘက်မှာပဲ လမ်းပွင့်နေတာ တွေ့နိုင်ပါတယ်။ KIA ပူးပေါင်းတပ်တွေရဲ့ တဖြည်းဖြည်းကွက်ပြည့်လာတဲ့ ပိတ်ဆို့မှု မဟာဗျူဟာအောက်မှာ စကခ (၂၁) နဲ့ ဗန်းမော် မြို့စောင့် တပ် လက်နက်ချ အညံ့ခံမလား၊ အသေခံ တိုက်မလား စောင့်ကြည့်ရပါမယ်။ 


လက်ရှိ ရေးသားမှုတွေဟာ လိုင်ဇာ နဲ့ ဗန်းမော် စစ်မျက်နှာကိုသာ ရေးသားမှု ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသတွေ မှာ တပြိုင်နက်နီးပါး ပေါ်ပေါက်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဖော်ပြထားခြင်း မရှိသေးပါဘူး။ ကချင်တန်ပြန်ထိုးစစ် နဲ့ မရှေးမနှောင်း မတ်လ (၂) ရက်နေ့ ကနေ (၁၂) ရက်နေ့ထိ မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နားက ကနီ မြို့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပူးပေါင်း တပ်တွေ မြို့သိမ်းတိုက်ပွဲအဖြစ် ဝင်ရောက် တိုက်ခိုက်ပြီး ဆုတ်ခွာခဲ့ပါတယ်။ ကနီမြို့သိမ်း တိုက်ပွဲ ဟာ ကချင် တန်ပြန် ထိုးစစ် နဲ့ ချိတ်ဆက်မှု ရှိ မရှိ ဆိုတာ ရှင်းလင်းစွာ မသိရှိရသေးပေမယ့် အမှတ် (၁) စစ်ဒေသ နဲ့ KIA ကြားမှာတော့ အနီးကပ် ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိပါတယ်။ ယင်းမာပင် ခရိုင်၊ ပုလဲ မြို့ပေါ်မှာရှိတဲ စစ်ရေးပစ်မှတ်တွေကို ယင်းမာပင် ခရိုင် တပ်ရင်း (၁၁)၊ ယင်းမာပင် ခရိုင် တပ်ရင်း (၁၂)၊ ပခုက္ကူ ခရိုင် အမှတ် (၁၅) တပ်ရင်း နဲ့ ဒေသခံ ကာကွယ်ရေး တပ်တွေ မတ်လ (၂၇) ရက်နေ့မျာ ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။ ကချင် ပြည်နယ်တွင်းမှာဆိုရင်လဲ ဖားကန့် မြို့ အနီးပတ်ခြာလည်က အရေးကြီး စစ်စခန်းတွေ၊ မြစ်ကြီးနား-ပူတာအို ကားလမ်း ကြားမှာရှိတဲ့ ဆွမ်ပရာဘွမ် မြို့ တို့ကို KIA က အဓိက ထား တိုက်ခိုက်ခဲ့တာတွေ့ရပြီး ကျန် ဒေသတွေမှာလဲ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ 

ဒီ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် ဌာနချုပ် လိုင်ဇာကို အနီးကပ် ခြိမ်းခြောက်နေတဲ့ စစ်စခန်းတွေ၊ ဗန်းမော် မြို့ နားက အချက်အခြာ စစ်စခန်းတွေ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖားကန့်၊ ဆွမ်ပရာဘွမ် နဲ့ စစ်ကိုင်းတိုင်း ဘက်မှာလဲ ဟန်ချက်ညီ စစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိတာ ကချင် တန်ပြန် ထိုးစစ် မှာ တွေ့ရပါတယ်။ 


စစ်တပ် အနေနဲ့ တပ်ရင်းဌာနချုပ်စခန်း၊ အမြောက်တပ်ရင်း၊ ဒုံးတပ်ရင်း၊ လေတပ်စခန်းတွေ တိုက်ခိုက် သိမ်းပိုက်ခံခဲ့ရပြီး ဒီလောက်များပြား တဲ့ လူအင်အားစုဖွဲ့မှု သတင်းကို ကြိုတင် မရရှိတာ၊ စစ်ဆင်ရေး ပြီးနောက် ပေါ်ထွက်လာတဲ့ တိုက်စစ်ကို တန်ပြန်ဖို့ အရန် အင်အား မရှိတာ၊ လေကြောင်း ပစ်ကူ ကို ထိထိရောက်ရောက် မပေးနိုင်တာ၊ တိုက်စွမ်းရည် မရှိတာ စတဲ့ အားနည်းချက်တွေပေါ်ထွက်လာပါတယ်။ ကချင်လွတ်လပ်ရေး တပ်မတော် နဲ့ ပူးပေါင်း တပ်တွေဘက်ကို ကြည့်ရင် အခိုင်အမာ စခန်းကြီးတွေကို တောင်တန်း နဲ့ မြေပြန့် ဒေသ၊ ဆက်သွယ်ရေး လမ်းမကြီးတွေ အနီးမှာပါ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်တိုက်ခိုက်မှုကို အလျင်အမြန် လုပ်ဆောင်နိုင်တာ၊ လိုအပ်တဲ့ အင်အား နဲ့ လက်နက်စုဖွဲ့မှု ကောင်းမွန်တာ ကို တွေ့ရှိရပါတယ်။ သေချာတာကတော့ ဗန်းမော်-မြစ်ကြီးနား ကားလမ်း ဧရာဝတီမြစ် အရှေ့ခြမ်းမှာ ခိုင်မာအားကောင်းတဲ့ လွတ်မြောက် ဒေသ တခု မကြာခင် ပေါ်ထွက်လာတော့မှာပါ။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...