Monday 27 May 2024

ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်ရန် ချင်းအမျိုးသား တက္ကသိုလ် ပဋိညာဉ် ကနဦးမူကြမ်း ရေးဆွဲ


 ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်ရန် ချင်းအမျိုးသား တက္ကသိုလ် ပဋိညာဉ် ကနဦးမူကြမ်း ရေးဆွဲ


■ ချင်းအမျိုးသားတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် အဆင့်မြင့်ပညာ CDM ဆရာ ဆရာမများကို ဖိတ်ခေါ်


ရန်ကုန်၊ မေ ၂၇


ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်ရန် ချင်းအမျိုးသား တက္ကသိုလ် ပဋိညာဉ် ကနဦးမူကြမ်း ရေးဆွဲနိုင်ခဲ့ကြောင်း ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


မေလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် လောက်တူဒေသ၊ နှာရိန်မြို့၌ ချင်းပြည်အတွင်းရှိ ကျောင်းသားကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်စေရန် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အဆင့်မြင့်ပညာအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဘာသာရပ်စုံသင် ချင်းအမျိုးသားတက္ကသိုလ်ပဋိညာဉ်ကနဦးမူကြမ်း (The Chin National University (CNU) Charter-Zero Draft) ကို ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


ချင်းအမျိုးသား တက္ကသိုလ်သည် ဝေဖန်ပိုင်းခြားနိုင်သော ဆင်ခြင်တုံတရားဖွံ့ဖြိုးမှု၊ တီထွင်ဆန်းသစ်မှု၊ သုတေသန တိုးတက်မှုတို့ကို ကျောင်းသား၊ ကျောင်းသူများ ရယူနိုင်စေရန်။ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ကို တန်းဖိုးထားပြီး သဟဇာတကျမှုကို အစဉ်လေးစားသော Learning Society ကို ဖန်တီးရန်။ ဆန်းသစ်မြန်ဆန်သော ခေတ်နည်းပညာစိန်ခေါ်မှုနှင့် သဘာဝဘေးအန္တရာယ်များကို နည်းစနစ်ကျစွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် စသည့် မျှော်မှန်းချက် ၃ ချက်ဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များအား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး သီးခြားလွတ်လပ်သည့် တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန်။ အရည်အသွေးအာမခံချက်ရှိသော လွတ်လပ်စွာ ပညာသင်ယူနိုင်သည့် လူတိုင်းလက်လှမ်းမီ ပညာသင်ယူရေး စင်္ကြံ (Learning platform) တခု ဖန်တီးအကောင်အထည်ဖော်နိုင်ရန်။ ဘဝတသက်တာပညာသင်ယူမှုကို အားပေးရန်နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု စေမည့် တက္ကသိုလ်ဖြစ်ရန်။ အခြေခံပညာပြီးမြောက်ပြီး လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်သော CDM ကျောင်းသား၊ ကျောင်းသူ များအတွက် တက္ကသိုလ်ပညာသင်ကြားနိုင်ဖို့ အထူးအစီအစဉ်များ ရေးဆွဲပေးရန်။ သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်ရန်နှင့် အရည်အသွေးအာမခံသော အဆင့်မြင့်ပညာသင်ရပ်ဝန်း တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။ 


"တက္ကသိုလ် စဖွင့်မယ့် အချိန်ကာလအားဖြင့်တော့ အတိအကျ ပြောဖို့ စောပါသေးတယ်။ မကြာခင် အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ စတင်ပြင်ဆင်နေပါပြီလို့ပဲ ပြောပါရစေ။ အဓိကအခက်အခဲက လူသားအရင်းအမြစ် မလုံလောက်မှုပါ။ အဆင့်မြင့်ပညာ CDM ဆရာ ဆရာမများကို အခုကတည်းက ဖိတ်ခေါ်ပါရစေ။ တော်လှန်ပညာရေးတာဝန် လာရောက်ထမ်းဆောင်ပေးဖို့ပါ။ ချင်းအမျိုးသားတက္ကသိုလ်ပဋိညာဉ်မူကြမ်းကို အပြီးသတ် အမြန်ဆုံး ရေးဆွဲနိုင်အောင် ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


ချင်းအမျိုးသား တက္ကသိုလ်တွင် ပညာကို ချစ်မြတ်နိုးမှု ၊ လွတ်လပ်မှု ၊ ပြည်သူကို အလုပ်ကျွေးပြုမှုနှင့် လူ့အခွင့်အရေး စသည့် လိုက်နာရမည့် စံတန်ဖိုးများ သတ်မှတ်ထားပြီး ချင်းအမျိုးသား တက္ကသိုလ်၏ဆောင်ပုဒ်မှာ "အလင်းနှင့် သမ္မာတရား" ဖြစ်ကြောင်း သိရသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မြေပြင်နှင့် အွန်လိုင်းပေါင်းစပ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆရာကြီး ဒေါက်တာသိန်းလွင်က အွန်လိုင်းဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့ကြောင်း ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...