Saturday 29 June 2024

ပြည်သူကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည့် နန့်သာရွာစခန်းရှိ စကစ အကုန်လုံးကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့


 ပြည်သူကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည့် နန့်သာရွာစခန်းရှိ စကစ အကုန်လုံးကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့


29 June 2024 - Kachinwaves


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာမှာတပ်စွဲထားသည့် စစ်ကောင်စီအတွက် အ‌ရေးပါသည့် တပ်စခန်းတစ်ခုအား တော်လှန်ရေးတပ်ဖွဲ့များမှ ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်။


အဆိုပါ နန့်သာရွာစခန်းတွင် စစ်ကောင်စီတပ် အင်အား ၂၀ ခန့်သာရှိသော်လည်း စစ်ကောင်စီတပ်က ရွာတွင်ကျန်ရှိနေသည့် ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ၎င်းဖမ်းဆီးခံရသည့် ပြည်သူများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် အများအပြား သေဆုံးခဲ့ရသည့်အတွက် တိုက်ပွဲကို ခတ္တရပ်နားခဲ့ရကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။


နန့်သာရွာစခန်းတွင် တပ်မ ၇၇ မှ အင်အား ၁၇ ဦးခန့် အထိုင်ချနေသည့် စစ်ကောင်စီစခန်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူမရှိပဲ ခလရ (၆) မှ သုံးပွင့်ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် ၁၆ ဦးသေဆုံးကာ တပ်ကြပ်တစ်ဦး ၁ ကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။


"တစ်ယောက်မှ လွတ်တာမရှိပါဘူး။ အကုန်အသေတွေချည်းပဲ ရတာပါ။ ၁ ဦးကတော့ ထွက်ပြေးသွားသေးတယ်။ ပြန်လိုက်ဖမ်းတဲ့အခါမှာ ပြန်ဖမ်းမိခဲ့တယ်။"ဟု ဆိုသည်။


လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးခြင်းထားသည့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့သည့်အတွက် တိုက်ပွဲကို ခတ္တရပ်နားခဲ့ရကာ ဇွန် ၂၈ ရက်နေ့ နံနက် ၄ နာရီတွင် ပြန်လည်တိုက်ခိုက်ခဲ့၍ နံနက်ပိုင်း ၉ နာရီတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်းလည်း ပြောသည်။


"စတာတော့ ၂၂ ရက်နေ့မှာ စတာပေါ့လေ။ သူတို့က ပြည်သူတွေကို ဓားစာခံဖမ်းတာတွေရော လေကြောင်းနဲ့ပစ်လို့ ဓားစာခံပြည်သူတွေ အများကြီးသေတာတွေရောဆိုတော့ တိုက်ပွဲကို ၃ ရက်လောက် နားလိုက်ရတယ်ပေါ့လေ။ အဲ့တာ ၂၈ ရက်နေ့ မနက်ပိုင်းမှ ပြန်စတိုက်ခဲ့ရတာ။ တိုက်ပွဲကြာချိန် ၅ နာရီလောက်ရှိသွားတယ်။ မနက် ၉ နာရီမှာပဲ အပြီးသတ်သိမ်းနိုင်ခဲ့တယ်။"ဟု ဆိုသည်။


တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီဘက်မှ အလောင်း ၁၆ လောင်းအပြင် လက်နက်မျိုးစုံ (၂၀) လက်၊ ဒရုန်းဖြတ်လက်နက် (၁) လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅) လုံး၊ ကျည်အိမ်မျိုးစုံ (၄၁) ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် (၁) လုံး၊ Power Station (၁) လုံး၊ ဦးထုပ် (၁၁) ခု၊ ဆန်အိတ် (၄၁) အိတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


တိုက်ပွဲဖြစ်နေစဉ်အတွင်း နံနက် ၈ နာရီအချိန်ခန့်တွင် တံတားဦးမှတက်သည့် ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်လိုက်မှု ပြုလုပ်ခဲ့သည့်အတွက် PDF ရဲဘော်နှစ်ဦး ထိခိုက်‌ခဲ့ပြီး အင်းတော်စစ်တပ်ကုန်းမှလည်း လက်နက်ကြီးဖြင့် အကြိမ် ၄၀ နီးပါး ပစ်ခတ်ခဲ့သည်ဟု သိရသည်။


တိုင်ပွဲတွင် KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း (၄၄) နှင့် ကသာခရိုင် အမှတ် (၂) တပ်ရင်း ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...