Tuesday 25 June 2024

နောင်ချိုရဲစခန်းနှင့် မြို့ပေါ်ရှိဌာနဆိုင်ရာအချို့ကိုပါ TNLA နှင့်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်


 နောင်ချိုရဲစခန်းနှင့် မြို့ပေါ်ရှိဌာနဆိုင်ရာအချို့ကိုပါ TNLA နှင့်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်


မြရာ/ဧရာဝတီတိုင်းမ်

ဇွန် ၂၅ ရက်


ရှမ်းမြောက်၊ နောင်ချိုမြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY- PDF) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။


နောင်ချိုမြို့ကို TNLA နှင့် ပူးပေါင်းတပ်များ ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ ပြီး စစ်ကောင်စီတပ်စွဲထားသည့် မိုး/ဇလရုံး၊ မီးသတ်စခန်း၊ ရဲစခန်းနှင့် ပြည်သူ့ဆေးရုံတို့ရှိ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ပြီး ဌာနဆိုင်ရာရုံးအချို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရ သည်။


နောင်ချိုမြို့အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ-၁၁၅၊ ခမရ-၁၁၄ နှင့် ပျူစောထီးအဖွဲ့များတပ်စွဲ ထားသည့် စစ်မှုထမ်းဟောင်းရုံးတို့ကို ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်နေကြောင်း TNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။


"ဟုတ်ပါတယ်။ ရဲစခန်းနဲ့ ဌာနဆိုင်ရာတွေကို သိမ်းပြီး သွားပြီ။ စစ်တပ်စခန်းတွေကိုတော့ တိုက်နေတုန်းပါ"ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။


TNLA နှင့် ပူးပေါင်းတပ်တို့သည် စစ်ကောင်စီ၏ ခမရ-၁၁၅ တပ်စခန်းအပြင် နောင်ချို-ပြင်ဦးလွင်လမ်းပိုင်းရှိ အုမ္မတီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းနှင့် ကျောက်မဲမြို့အနောက်မြောက်ဘက်ရှိ ငြိမ်းချမ်းရေးကုန်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


စစ်ကောင်စီတပ်သည် ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် မပေးတော့ဘဲ ပိတ်ဆို့လိုက်ပြီး နမ့်လင်းခမ်းရွာထိပ်ရှိ စစ်ကောင်စီဂိတ်မှနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများကို မြို့အတွင်း ပြန်ဝင်ခိုင်းကာ ပိတ်ဆို့ထားကြောင်း သိရသည်။


လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်ရင်းအတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များ ပစ်လိုက်သည့် ရှော့တိုက်ဒုံးများကျရောက်ပြီး ထိခိုက် ဒဏ်ရာရသူနှင့်‌ သေဆုံးသူများရှိကာ စစ်ကောင်စီက အပြင်းအထန်ခုခံနေရကြောင်း သိရသည်။


ပုံစာ- TNLA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ် (ပုံဟောင်း) 


#ရှမ်းမြောက် #နောင်ချို #မြို့ပေါ် #ရဲစခန်း #ဌာနဆိုင်ရာများ #TNLA #MDY #PDF #သိမ်းပိုက် #Ayeyarwaddy_Times

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...