Saturday 20 July 2024

စဉ့်ကူးကို ရပြီးနောက် သပိတ်ကျင်းကို တော်လှန်ရေးတပ်များ ဆက်လက်ထိုးစစ်ဆင်


 စဉ့်ကူးကို ရပြီးနောက် သပိတ်ကျင်းကို တော်လှန်ရေးတပ်များ ဆက်လက်ထိုးစစ်ဆင်


မိုးဦး/Myanmar Now


ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် မဟာမိတ်များသည် မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းဆည်းနိုင်ကြောင်း ယနေ့ ကြေညာပြီးနောက် အနီးအနားမှ သပိတ်ကျင်းမြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။


စဉ့်ကူး-မန္တလေးသည် ၅၇ မိုင် ကွာဝေးပြီး၊ စဉ့်ကူးနှင့် သပိတ်ကျင်းသည် ကားဖြင့် သွားပါက တစ်နာရီခွဲခန့် ကွာဝေးသည်။


တော်လှန်ရေးတပ်များသည် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာမှ ရဲကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ထိုစခန်းတွင် ရဲများအပြင် စစ်ကောင်စီတပ်သားများလည်း ရှိနေသည်ဟု ဒေသခံတို့က ဆိုသည်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဦးဆောင်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တွင် မတ္တရာ၊ စဉ့်ကူးတို့မှ စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ယင်းစစ်ဆင်ရေးများကို ရှမ်း-မန်း စစ်ဆင်ရေးဟုလည်း ခေါ်ကြသည်။


ထိုးစစ်ဆင်နေသည့် စဉ့်ကူးမြို့တွင်း တိုက်ပွဲများ ၁၈ ရက်နေ့တွင် တိတ်ဆိတ်သွားခဲ့ပြီး၊ မြို့တွင်းရှင်းလင်းမှုများကို တော်လှန်ရေးအဖွဲ့များက လုပ်ဆောင်နေပြီဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။


မိုင်းရှင်းလင်းခြင်း၊ တိုက်ပွဲတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို ရှင်းလင်းခြင်းများ လုပ်ဆောင်နေသည်ကိုတွေ့ရပြီး၊ မြို့သူမြို့သားများကိုတော့ ပြန်လည်ဝင်ရောက်ခွင့်မပေးသေးကြောင်း စဉ့်ကူးမြို့သားတစ်ဦးက ပြောသည်။


"ကျွန်တော် ဝင်ခွင့်ရပြီလားလို့ နေ့တိုင်း သွားကြည့်တယ်၊ သူတို့ရှင်းလင်းနေတုန်းမို့ပါ၊ မိုင်းတွေ ကျန်နေတာတွေ ရှိနေသေးတယ်၊ မဝင်ပါနဲ့ဦးလို့ ပြောတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း ထပ်ဖြစ်လာနိုင်သေးတော့ အန္တရာယ်များတယ်တဲ့၊ မြို့ကိုတော့ PDF က ရသွားပြီလေ" ဟု ဆိုသည်။


တိုက်ပွဲပြင်းထန်ခဲ့စဉ်ရက်များအတွင်း လေကြောင်းမှ အပြင်းအထန် ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ရွှေဘိုမြို့နယ် မခေါက်ရွာ စစ်စခန်းမှ အမြောက်များဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့သော်လည်း မြေပြင်တိုက်ပွဲများ ပြီးသွားချိန်တွင် ပစ်ခတ်သံများ မကြားရတော့ကြောင်း ပြောသည်။


စဉ့်ကူးမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီဖြစ်ကာ လက်ရှိတွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ စဉ့်ကူးမြို့အတွင်းသို့ မဟုတ်သော်လည်း မြို့မြောက်ဘက် ကျေးရွာတချို့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတချို့ ယနေ့ နေ့လယ်ပိုင်းအထိ လုပ်ဆောင်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် စဉ့်ကူးမြို့သားတစ်ဦးကလည်း ပြောသည်။


စဉ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီခြေကုပ်စခန်း၊ ရဲစခန်းနှင့် ပျူစောထီး ခေါ် ပြည်သူ့စစ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းဆည်းပြီးဖြစ်သော်လည်း၊ မြို့နယ် တောင်ဘက်အစွန်အနီး၊ ဧရာဝတီမြစ်တွင်း ကျွန်းရွာတစ်ခုဖြစ်သည့် ရွာသာယာကျေးရွာရှိ စစ်စခန်းကိုမူ PDF များက တိုက်ခိုက်မှုမလုပ်သေးကြောင်း သိရသည်။


"အဲ့ဒီပျူစခန်းတစ်ခုပဲ ကျန်တယ်။ ကျန်တဲ့စခန်း အကုန်ရပြီးပြီ၊ လေကြောင်းကလည်း မြို့ထဲတိုက်ခိုက်တာမျိုး မတွေ့ရတော့ဘူး။ မြို့နယ် တံတားကြားက ရွာတွေဘက်မှာတော့ လေကြောင်းကနေ တစ်ခါတလေ ဗုံးကြဲနေတာရှိသေးတယ်" ဟု ထိုအမျိုးသားက ဆိုသည်။


စဉ့်ကူးမြို့နယ်တွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအတွင်းမှ စစ်ကောင်စီတပ်သားများ၊ ဒေသတွင်း နာမည်ကြီးသည့် ပျူစောထီးခေါင်းဆောင်းများကို အရှင်ဖမ်းဆီးရမိမှုများလည်း ရှိနေကြောင်း သိရသည်။


ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း စတင်သည့် ဇွန် ၂၅ ရက်တွင် MDY-PDF ဦးဆောင်သည့် ဒေသတွင်း PDF ပူးပေါင်းတပ်များက မတ္တရာမြို့နယ်တွင်လည်း တစ်နေ့တည်း ထိုးစစ်များစတင်ခဲ့သည်။ စစ်ကောင်စီ၏ စခန်းကြီးငယ်နှင့် ရဲစခန်း စုစုပေါင်း ၃၀ နီးပါးကို သိမ်းဆည်းထားနိုင်ပြီးဖြစ်သလို တိုက်ပွဲများသည် မြို့အနီးဝန်းကျင်အထိ ရောက်ရှိလာနေသည်။


မတ္တရာမြို့နယ်တွင်း တိုက်ပွဲများအပြင်၊ စဉ့်ကူးမြို့နယ်အတွင်းမှ စစ်စခန်းများကိုလည်း ရက်အနည်းငယ်ခြားကာ ထိုးစစ်ဆင်ခဲ့သည်။ ရက်ပေါင်း ၂၀ ခန့်အတွင်း စဉ့်ကူးမြို့နယ်တွင်း စခန်းအားလုံးနီးပါးနှင့် မြို့ကို သိမ်းယူနိုင်ခဲ့သည်။


စဉ့်ကူးမြို့နယ်ကို သိမ်းပိုက်ရရှိချိန်တွင် သပိတ်ကျင်းမြို့နယ်တွင်း စစ်စခန်းများကို စတင်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း သပိတ်ကျင်းမြို့နယ် အရှေ့မြောက်ပိုင်းမှ ကျေးရွာစစ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ် KIA ဦးဆောင်သည့် ပူးပေါင်းတပ်များက သိမ်းယူထားသည်။ တွင်းငယ်-မိုးမိတ်ကားလမ်းပေါ်မှ တောင်လယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်စခန်းတစ်ခုဖြစ်သည်။


သပိတ်ကျင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၄၈) ခြေလျင်တပ်ရင်း အခြေစိုက်ထားပြီး၊ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တွင်းငယ်)၊ သိပ္ပံနှင့် သုသေသနနည်းပညာတပ်နှင့် စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတို့လည်း ရှိသည်။


#MyanmarNow #thabeikkyin

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...