Friday 6 September 2024

မောင်ရွှေလေးရေတပ်စခန်း AA သိမ်းပိုက်၊ စစ်ကောင်စီရေတပ်စခန်း ပထမဆုံးသိမ်းပိုက်သည့် တပ်ဖွဲ့ဖြစ်လာ




 ▪️Breaking News▪️


မောင်ရွှေလေးရေတပ်စခန်း AA သိမ်းပိုက်၊ စစ်ကောင်စီရေတပ်စခန်း ပထမဆုံးသိမ်းပိုက်သည့် တပ်ဖွဲ့ဖြစ်လာ


▪️အင်အား ၁၂၀၀ကျော်ရှိပြီး လေကြောင်း၊ ရေကြောင်းပစ်ကူများစွာဖြင့် စစ်ကောင်စီ ခုခံခဲ့သော်လည်း တစ်လအကြာတွင်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ် ၄၀၀ ကျော်သေဟု AAအသိပေး


ရှိုင်း/People's Spring


ရက္ခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ကျန်နေသည့် မောင်ရွှေလေးရေတပ်စခန်းကို ယမန်နေ့ စက်တင်ဘာ ၅ရက် ညနေတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ည အသိပေးထုတ်ပြန်သည်။


ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSDစခန်းနှင့် ယင်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော ရန်သူ့စစ်ကြောင်းများအား ဩဂုတ် ၇ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ တစ်လခန့်အကြာတွင် မောင်ရွှေလေးရွာနှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော

ရေတပ်စခန်းအား အပြီးသတ်သိမ်းရသည်ဟု AAက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။


ထို့ကြောင့် စစ်ကောင်စီရေတပ်စခန်းကို ပထမဆုံးသိမ်းပိုက်နိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် AAက မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်။ AAသည် သံတွဲမြို့နယ်ရှိ လေဆိပ်ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်ရာ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များအပြင် ရေတပ်စခန်းနှင့် လေဆိပ်ကို သိမ်းထားနိုင်သည်အထိ စစ်ရေးအောင်မြင်မှုရခဲ့သည်။

 

မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ် (တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း တစ်လအတွင်း AAက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံးခဲ့ဟု အသိပေးသည်။


အဆိုပါ ပင်မရေတပ်စခန်း CNDSDနှင့် ပတ်ဝန်းကျင်၌ ရန်သူ စုစုပေါင်းအင်အား ၁၂၀၀ကျော်ရှိခဲ့ကြောင်း၊ ရေတပ်စခန်းနေရာသည် စစ်ရှုံး၍ နေရာစုံမှထွက်ပြေးလွတ်မြောက်လာကြသော

 စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြားသောနေရာများမှ စစ်ကူအမြောက်အမြားတို့ဖြင့် အင်အားဖြည့်တင်းထားသော နေရာလည်းဖြစ်ကြောင်းလည်း အသိပေးထားသည်။ 

 

စစ်ကောင်စီသည် အဆိုပါ ရေတပ်စခန်းမကျစေရေးအတွက် ပင်လယ်ပြင်နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့ကြောင်း၊ ရေတပ်စခန်း သိမ်းပိုက်မှုထိုးစစ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀၀ ကျော် သုတ်သင်နိုင်ခဲ့ပြီး ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ဟု အသိပေးသည်။


စစ်ကောင်စီသည် ၎င်းတို့၏ ဒဏ်ရာရ၊ ကျဆုံးသောသူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေနှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့ကြောင်း၊

ရန်သူ့အလောင်းများအား ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း AAက ထုတ်ပြန်သည်။


စစ်ဆင်ရေးအတွင်း AA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားဘဲ ထူးချွန်စွာ တိုက်ပွဲဝင်ခဲ့သည့် AA စစ်သည်တော်များ၊ ထိုးစစ်၏ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၊ အာရက္ခဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား လေးနက်စွာ ဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။


စစ်ရှုံးစစ်ကောင်စီသည် စခန်းများစွန့်လွှတ်ကျရှုံးသည့်အခါတိုင်း၌ ပြုလုပ်လေ့ရှိသည့်အတိုင်း အရပ်သားပြည်သူလူထုများရှိရာသို့ လက်နက်ကြီး၊ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်းလည်း AAက ထုတ်ပြန်သည်။


ထို့အပြင် ယနေ့ စက်တင်ဘာ ၆ရက် နံနက်တွင် စစ်တွေမြို့ရှိ အမှတ် (၁၂) ရဲတပ်ရင်းနှင့် စစ်တွေ၊ ပွိုင့်ရေတပ်စခန်းမှ ပေါက်တောမြို့အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ရပ်ရွာများအတွင်း ကျရောက်ကာ အပြစ်မဲ့အရပ်သားပြည်သူ လူနေအိမ်အချို့ ပျက်စီးခဲ့ဟု ဖော်ပြသည်။

 

မောင်တောမြို့သိမ်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း AAက အသိပေးထားသည်။


စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီ ၁၉ရက်က သံတွဲမြို့အနီးရှိ အဆိုပါ ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်း(ရေတပ်)၏ လေ့ကျင့်မှုများကို သွားရောက်ကြည့်ရှု့ခဲ့သည်။


အဆိုပါ ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များအား ယခုထက်စွမ်းရည်ပိုမိုမြင့်မားစေရန် လေ့ကျင့်မှုများ ပိုမိုအားထည့်လုပ်ဆောင်သွားရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် မှာကြားခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။


(မောင်ရွှေလေးရေတပ်စခန်း AA သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - AA)

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...