Saturday 21 September 2024

မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊


 မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊

လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊


ကိုထူး/MFP၊ စက်တင်ဘာ-၂၀


မကွေးတိုင်း မြိုင်မြို့နယ် စက်မှု-၂ စခန်းက ဈေးလာဝယ်တဲ့ စစ်အုပ်စု ခုနှစ်ဦးကို တော်လှန်ရေး တပ်တွေက ကင်းပုန်းဝပ်ပြီး ဖမ်းဆီးရာ ပြန်လည်ခုခံတဲ့ သုံးဦး သေဆုံးပြီး အရာခံဗိုလ် အပါအဝင် လေးဦး ဖမ်းဆီးရမိကာ လက်နက် သုံးလက် သိမ်းဆည်း ရရှိတယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့- မြိုင် တာဝန်ခံ ကိုမီးပွားက ပြောပါတယ်။


မြိုင်မြို့နယ် စက်မှု-၂ စစ်အုပ်စု စခန်းက ဈေးဆိုင်ကို ဈေးလာဝယ်တဲ့ စစ်အုပ်စုကို စက်တင်ဘာလ ၁၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်း ဖမ်းဆီးခဲ့တာ ဖြစ်ပြီး စစ်အုပ်စု အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ် တစ်ဦး၊ ပျူစောထီးအဖွဲ့ဝင်‌ တစ်ဦးနဲ့ စက်မှု-၂မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး တစ်ဦးတို့ကို အရှင်လက်ရ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။


“တပ်တွင်း သတင်းပေးအရပေါ့။ အဲဒီဘက်ကို အသွားအလာတွေ ရှိတယ်။ ဘယ်ချိန်တွေလာလည်း ဆိုတော့ ၊ မနက်အစောပိုင်းတွေ လာတယ်ဆိုတော့၊ ကျွန်တော်တို့လည်း အဲဒီနားကို ညပိုင်းကတည်းက ဝင်ကပ်တဲ့ပြီးတော့ ညက မိုးရွာကြီးကို ဝင်ကပ်ပြီးတော့မှ အသင့်စောင့်ဆိုင်း ဖမ်းခဲ့တာခင်ဗျ။ သူတို့က မနက်အစောကို ဆေးလိပ်တို့ ကော်ဖီ ထုပ်တို့ လာဝယ်တာခင်ဗျ။ ပျူစောထီး တစ်ယောက်ပါတယ်။ တပ်ကြပ်ရယ်၊ အရာခံဗိုလ်ရယ်ပါတယ်။ လုပ်သား ဝန်ထမ်းမိန်းကလေးတစ်ယောက်ပါတယ်” လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုမီးပွားက ပြောပါ တယ်။


အဲဒီလို အရှင်လက်ရ ဖမ်းဆီးရမိပြီးနောက် စစ်အုပ်စုဗိုလ်ကို လုံခြုံရေးအတွက် ဆိုင်ကယ်နဲ့လိုက်လာတဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင် သုံးဦးကို အနီးကပ် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သူတို့ဆီက MA-1 သေနတ်သုံးလက် သိမ်းဆည်း ရမိခဲ့တယ်လို့ ကိုမီးပွားက ဆိုပါတယ်။


 “သူတို့က ဆိုင်ကယ်ကို သုံးယောက်ပူး စီးလာတယ်။ အဲဒါကို ၁၀ ပေ အကွာလောက်က ပစ်ပြီး သေနတ်ကို ဇွတ် ကောက်ပြီး ပြေးလာခဲ့တာဗျ” လို့ ကိုမီးပွားက ပြောပါတယ်။


အဲဒီ စစ်အုပ်စု သုံးယောက်ဟာ သေနတ် ပါလာပြီး ပြန်လည် ခုခံတာရယ်၊ စစ်အုပ်စု အထိုင်စခန်းရဲ့အနီးမှာ ဖြစ်ပွားတာရယ်ကြောင့် ပစ်ခတ်ဖမ်းဆီးရတာ ဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ‌သေနတ်တွေ ကောက်ယူ ဆုတ်ခွာခဲ့ ရတာ ဖြစ်တယ်လို့ ကိုမီးပွားက ဆိုပါတယ်။


ဖမ်းဆီးရမိတဲ့ စစ်အုပ်စု အရာခံဗိုလ် အပါအဝင် လေးဦးကို စစ်ဆေးမေးမြန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။


စစ်အုပ်စုတွေ ဈေးလာဝယ်တဲ့ ဆိုင်က စက်မှု-၂ စက်ရုံဝန်းထဲက စစ်အုပ်စု အထိုင်ချထားတဲ့ အဆောက်အဦးနဲ့ ပေ ၃၀၀ ခန့်သာ ကွာဝေးတာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စစ်အုပ်စုဝန်းထဲအထိ ဝင်ရောက် ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။


မြိုင်မြို့ရဲ့ တောင်ဘက် ခြောက်မိုင်ခန့်အကွာ ပုသိမ်-မုံရွာလမ်းဘေးမှာ ရှိတဲ့ စက်မှု-၂ ဟာ စစ်အုပ်စုရဲ့ အမှတ် (၂) အကြီးစား စက်မှုလက်မှုလုပ်ငန်း ဖြစ်ပြီး စက်ပစ္စည်း အပိုင်းအစတွေ ကုန်ကြမ်းအဖြစ် ထုတ်လုပ်တဲ့ စက်ရုံ ဖြစ်ပါတယ်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စုက အထိုင်ချတပ်စွဲပြီး ဒေသခံ ပျူစောထီးတွေကို စစ်သင်တန်းနဲ့ လက်နက် တပ်ဆင်ပေးတာတွေ လုပ်ဆောင်ခဲ့ပြီး အခုချိန်မှာတော့ စက်ရုံလည်ပတ်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။


အဲဒီ စက်မှု-၂ ရဲ့ ‌အနောက်တောင်ဘက်မှာ ရှိတဲ့ ဝက်ပုတ်ကျေးရွာ ပျူစောထီးအထိုင်ခစန်းကို ဩဂုတ်လ ၉ ရက်မှာ တော်လှန်ရေး တပ်‌တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဝက်ပုတ်ပျူစောထီးစခန်းက စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ထွက်ပြေးပြီး စက်မှု-၂ အထိုင်စခန်းကို သွားရောက် ပူးပေါင်း ခိုအောင်းနေတာ ဖြစ်ပါတယ်။


မြိုင်နယ် စက်မှု -၂ က စစ်အုပ်စုကို ဖမ်းမိစဉ်/Photo - ဝံပုလွေပြောက်ကျားတပ်ဖွဲ့- မြိုင်


#Mandalay_Free_Press_MFP

No comments:

Post a Comment

မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊

 မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိ...