ပန်ဝါအနီးရှိ BGF စခန်းနှစ်ခု KIA ထပ်မံ သိမ်းပိုက်၊ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
ပန်ဝါ - အောက်တိုဘာ ၁၇၊ ၂၀၂၄။
ကချင်အထူးဒေသ (၁) ပန်ဝါမြို့အနီးရှိ နယ်ခြားစောင့်တပ် (BGF) ကာကင်းစခန်းတစ်ခုနှင့် ကံပိုက်တည်ရှိ ကာကင်းစခန်းတစ်ခုတို့ကို KIA ပူးပေါင်းတပ်က ယနေ့နံနက် ၁၀ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
KIA ပူးပေါင်းတပ်က ချန်ရင်းခူးကျေးရွာ ဒေသအခေါ် ခိုင်ဖာကျီးကျေးရွာရှိ BGF ကာကင်းသို့ ထိုးစစ်ဆင်လာသောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စခန်းကိုဆုတ်ခွာခဲ့ကြောင်း BGF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ဒီပန်ဝါကနေဆင်းသွားရင် ချန်ရင်းခူးအကျော် အဲဒီမှာငါတို့ ကာကင်းစခန်းရှိတယ်၊ ဒီကောင်တွေ အောက်ကနေ မနက်ခြောက်နာရီလောက်တက်လာလို့ တိုက်ပွဲစဖြစ်တော့တာလေ။ ဟိုဘက်က ဒရုန်းနဲ့ တွယ်တယ်၊ ငါတို့ဘက်က လက်နက်ကြီးတစ်လုံးတွယ်တယ်၊ အခုတော့ အဲဒီစခန်းကနေ ငါတို့ဆုတ်ခဲ့ပြီ” ဟုပြောသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း BGF တပ်ဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်ဖြင့် သွားလာနေသည့် KIA တပ်ဖွဲ့ဝင်များကို စောင့်ကြိုပစ်ခတ်ခဲ့သဖြင့် KIA တပ်ဖွဲ့ဝင် သုံးဦးခန့်သေဆုံးကာ နှစ်ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း BGF တပ်ဖွဲ့ဝင်ပြောပြချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန် နံနက် ၁၁ နာရီခန့်တွင် ချန်ရင်းခူးကျေးရွာအတွင်းသို့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ကြောင်း ချန်ရင်းခူးဒေသခံတစ်ဦးကပြောသည်။
"ရွာလယ်ထဲမှာကို သေနတ်သံတွေကြားနေရတာ၊ အခုလည်း ဒရုန်းအသံတွေကြားနေရတာ ခေါင်းပေါ်မှာ ဝဲနေသလိုပဲ တဝီးဝီးနဲ့ကြောက်လိုက်တာ။ ရွာထဲမှာလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတာ၊ တပ်လန့်တာလားတော့ မသိဘူး။ တစ်ချက်၊ နှစ်ချက်ပစ်ပစ်နေတာ ပြီးတော့အိမ်ထဲက တန်ဖိုးရှိတာ အကုန်ယူဆိုပြီးတော့ အကုန်ပန်ဝါကိုပြောင်းခိုင်းနေတာ" ဟုပြောသည်။
ချန်ရင်းခူးကျေးရွာသည့် ပန်ဝါမြို့မှ ဆိုင်ကယ်ဖြင့် မိနစ်သုံးဆယ်ခန့် သွားရသည့်အကွာအဝေးတွင်ရှိပြီး လက်ရှိအချိန်တွင်လည်း ကျေးရွာအတွင်းပစ်ခတ်သံများကြားနေရကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကလည်း ဒေသခံပြည်သူများကို ပန်ဝါမြို့သို့ပြောင်းရွေ့ခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။
ထို့အပြင် ကံပိုက်တည်ရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၃ ကိုလည်း KIA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်နေပြီး ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိထားကြောင်း KIA မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“၁၀၀၃ နယ်ခြားစောင့်တပ်ကို ဒီနေ့မနက်ပိုင်းက သိမ်းဆည်းရရှိပြီ။ အင်အား ၅၀ ကျော်လောက်ရှိ ၁၀၀၃ ကာကင်းစခန်းကြီးပဲ ဟုတ်တယ်။ ကန်ပိုင်တည်ကို ထိန်းထားတဲ့စခန်းဟုတ်တယ်” ဟုပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပန်ဝါမြို့နှင့် ၁၁ မိုင်ခန့်ကွာဝေးသည့် လုပိကျေးရွာ(လုပ်ပိ)ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် (BGF) တပ်ရင်းဌာနချုပ် ၁၀၀၂ တပ်စခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့က KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းပြန်လည်ရရှိရေး စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းနေသောကြောင့် ယနေ့ထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။
သတင်း - Pan Soon၊ Dureng
ပုံ - လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ချန်းရင်းခူးကျေးရွာ
Done✊
ReplyDeleteDone
ReplyDeleteDone ✅
ReplyDelete