တော်လှန်ရေးတပ်များက အောင်ဇေယျစစ်ကြောင်းအား ခံစစ်မှ တိုက်စစ်ပုံစံပြောင်းတိုက်
▪️အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို KNLAပူးပေါင်းတပ် သိမ်းပိုက်
ဒီးဒီ/People's Spring
ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ခံစစ်အနေအထားမှ တိုက်စစ်ပုံစံပြောင်းလဲတိုက်ခိုက် နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
အောက်တိုဘာ ၂၈ရက်တွင် ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းကို KNLAနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ စခန်းနေရာအား အောက်တိုဘာ ၂၈ရက်တွင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၂၉ရက်တွင် နယ်မြေရှင်းလင်းခဲ့သည်ဟု ဆိုသည်။
"အောင်ဇေယျက တက်လာတဲ့အချိန်မှာ တိုးတာ။ အခုက KNUက ခံစစ်ကနေ တိုက်စစ်ပုံစံပြောင်းပြီး တိုက်တဲ့အနေအထားဖြစ်သွားပြီ။ စွယ်တော်ကုန်းက အင်အားလည်း အောင်ဇေယျဆီ အာရုံရောက်သွားပြီ။ အောင်ဇေယျက အရင်က ရင်ဆိုင်နေရတာထက် ခုက လေးငါးဆပိုများတဲ့ အင်အားနဲ့ ရင်ဆိုင်ရတော့မယ်။ ပွင့်လင်းရာသီလည်းရောက်ပြီဆိုတော့ ပွဲကကြည့်ကောင်းပြီ"ဟုကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာ ၂၀ရက်ကလည်း အောင်ဇေယျစစ်ကြောင်းသည် လေကြောင်းပစ်ကူ အကူအညီသုံးပြီး အင်အားအများအပြားဖြင့် ရှေ့တိုးလာ၍ KNLA ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ ပြန်လန်ကျသွားသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောင်ဇေယျစစ်ကြောင်းသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပစ်ကူသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အထိနာပြီး အလောင်း ခုနစ်လောင်း ရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် တော်လှန်ရေးတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်းမှာ နောက်ပြန်ဆုတ်၍ မရတော့သည့် အခြေအနေမျိုးရောက်နေသည်ဟုလည်း ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခု သိမ်းပိုက်စဉ် ရရှိသော လက်နက်ခဲယမ်းများကိုလည်း ကော်ဘရာပူးပေါင်းတပ်အချို့က အသိပေးထားသည်။
"မြဝတီကို သွားတဲ့လမ်းကို ခုထိ ရှာမတွေ့သေးတဲ့ အောင်ဇေယျလေးကို ဗိုလ်ဒါဘောရဲ့သားများက လမ်းပြပေးလို့တဲ့ကျေးဇူးပြန်ဆပ်တဲ့ လက်ဆောင်တွေ အများကြီးပဲ။ လမ်းတော့ လမ်းပဲ ငရဲကိုသွားတဲ့လမ်း"ဟု ကော်ဘရာစစ်ကြောင်း၏ တပ်ခွဲ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)က သိမ်းရသော လက်နက်ခဲယမ်းများဖြင့် အသိပေးထားသည်။
ပြီးခဲ့သည့်ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံတော်အဆင့် "အောင်ဇေယျစစ်ဆင်ရေး" ဟုအမည်ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။
လေးရက်ဖြင့် မြဝတီမြို့အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ခုနစ်လကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။
ထို့အပြင် မြဝတီ - ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းသုံးခုအား ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည်။
အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းသုံးခုမှ စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ထွက်ပြေးသွား၍ ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း VENOMစစ်ကြောင်းက အသိပေးထားသည်။
(အောင်ဇေယျစစ်ကြောင်းကို ဒေါနတောင်တွင် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေသော ကောဘရာမှ ဗိုလ်ဒါဘောနှင့် အတူအောက်တိုဘာ ၂၈ရက်က အောင်ဇေယျစစ်ကြောင်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ - ၂)
Done ✅
ReplyDeleteDone✊
ReplyDelete