Tuesday, 26 November 2024

ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိ


 ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိ


ရန်ကုန်၊နိုဝင်ဘာ ၂၅ 


စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။


နိုဝင်ဘာလ ၁၉ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ၊ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့များအခြေချထားသည့် တပ်စခန်းကြီးဖြစ်သည့် ဆိုင်းပန်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီးဖြစ်ကာ ရွှေတွင်းရွာရှိ စစ်တပ်နှင့် SNA တပ်စခန်း၊ ရာလာတီးကျေးရွာမှ တပ်စခန်းများအားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


" ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီရယ်၊ ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့ရယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ပွဲပြင်းထန်နေတာ လနဲ့ ကြာလာပြီပေါ့။ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီနဲ့ ရှမ်းနီ SNA ကလည်း အထိအခိုက်အကျအဆုံးများတယ်။ သူတို့ရဲ့ စခန်းတွေ အများကြီး စွန့်လွှတ်လိုက်ရတယ်"ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


လတ်တလောတွင် ဟုမ္မလင်း၊ ဖောင်းပြင်နှင့် ပါဟုတ်ကြီးရွာတစ်ဝိုက်တွင် နေ့တိုင်း တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းမှ ဗုံးကျဲခြင်းနှင့် ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း၊ တိုက်ပွဲများအတွင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် အထိအခိုက်အနည်းငယ်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။


"ပါဟုတ်ကြီးမှာ တိုက်ပွဲနေ့တိုင်း ပြင်းထန်နေတယ်။ စစ်ကောင်စီတပ်ကလည်း နေ့တိုင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ ဒရုန်းလည်း သုံးပြီးတိုက်တယ်။ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီနဲ့ ရှမ်းနီ SNA ကလည်း အထိအခိုက်အကျအဆုံးများတယ်။ သူတို့ရဲ့ စခန်းတွေ အများကြီး စွန့်လွှတ်လိုက်ရတယ်။ သူတို့ ထွက်ပြေးသွားတဲ့ တပ်ဆုတ်သွားတဲ့ လမ်းကြောင်းနောက် အကုန်လိုက်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပေါင်းပြီး တိုက်ခိုက်နေတယ်။ လောလောဆယ် ဒီ ဟုမ္မလင်း စစ်ကိုင်းဘက်ခြမ်းက ဟုမ္မလင်းရယ်၊ ဖောင်းပြင်နယ်တစ်ဝိုက်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်။ အဓိက စစ်ကောင်စီနဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်" ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။


စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနှင့် ဖောင်းပြင်တို့တွင် ရှမ်းနီ SNA တပ်များက စစ်ကောင်စီတပ်များနှင့်ပူးပေါင်း၍ တော်လှန်ရေးတပ်များကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

3 comments:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...