Monday, 9 December 2024

ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက်


 ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက်

……………………………

ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၄ ရက်နေ့က စတင်တိုက်ခိုက်နေပါတယ်။ အလားတူပဲ ရခိုင်ဒေသ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း အာရက္ခတပ်တော်က ၂၀၂၄ နှစ် နှစ်ကုန်ပိုင်းက စတင်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိပါတယ်။ မြို့ ၂ မြို့လုံးဟာ ပြည်နယ် ဒုတိယမြို့တော် နဲ့ တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အရေးပါတဲ့ မြို့ကြီးတွေဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရှိန်ဟာ ဘယ်လောက်ထိ မြင့်တက်လာလည်း သိသာစေပါတယ်။ မြို့ငယ်တွေ၊ အစွန်အဖျား စခန်းလေးတွေ တိုက်ခိုက်ခဲ့ရာကနေ ကာလတခုကြာပြီးတဲ့နောက်မှာ မြို့ကြီးတွေ၊ စစ်တိုင်းဌာနချုပ်တွေကိုပါ တိုက်ခိုက်လာနိုင်ပါတယ်။ ဒါဟာ နွေဦးလက်နက်ကိုင်တော်လှန်ရေး နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ၂ ဘက် အပြန်အလှန် အကျိုးပြုမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်ရေး အသီးအပွင့်တွေ ဖြစ်ပါတယ်။ မကြာခင် ကာလမှာ ဗန်းမော်ရော၊ အမ်း မြို့ကိုရော သိမ်းပိုက်နိုင်တော့မှာ ဖြစ်ပါတယ်။ 


ဗန်းမော်မြို့ကိုတော့ ၂၀၂၄ ခုနစ် မတ်လ ကချင်ဒေသ တန်ပြန်ထိုးစစ်ကာလ ကတည်းက စတင်ပြီး ကုန်းလမ်း၊ ရေလမ်း ကနေ ကာလရှည်ကြာ ပိတ်ဆို့ခဲ့ပြီး ဒီဇင်ဘာလမှာ စတင်ပြီး အင်အားထောင်ချီ အသုံးပြုကာ ထိုးစစ်ဆင်လိုက်တာဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ ဗန်းမော်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ လွယ်ဂျယ် နဲ့ နာမည်ကျော် စိန်လုံစခန်း၊ မြောက်ဘက်မှာရှိတဲ့ မြို့သစ်၊ ကုန်းလော၊ နမ်ဆန်ယန် ဒေသ၊ တောင်ဘက်မှာရှိတဲ့ မံစီ၊ မဘိန်း၊ အနောက်ဘက်မှာရှိတဲ့ ရွှေကူ၊ မြို့လှ ဒေသတွေကို သိမ်းပိုက်ခြင်း၊ ထိန်းချုပ်ခြင်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်က မတ်လကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဗန်းမော် မြို့ရဲ့‌အောက်ဘက်မှာရှိတဲ့ ထီးချိုင့်မြို့ နဲ့ သပိတ်ကျင်း၊ တကောင်း၊ မတ္တရာမြို့တွေမှာလဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ ဗန်းမော်နားက ဧရာဝတီမြစ်ကူးတံတား (စင်းခန်း) ကို မေလ (၇) ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။ အရပ်လေးမျက်နှာက ပိတ်ဆို့ခံထားရတဲ့ ဗန်းမော် မြို့ကို လက်ရှိကာလမှာ ထောင်နဲ့ချီတဲ့ အင်အား အသုံးပြုတိုက်ခိုက်လျက်ရှိပြီး စိတ်ဓာတ်ပျက်ပြားနေတဲ့ စစ်အုပ်စုတပ်တွေဟာ အလျင်အမြန် ပြိုကွဲလျက်ရှိပါတယ်။ ဗန်းမော်မြို့ နဲ့ မြို့နယ် တခုလုံးကို သိမ်းပိုက်ပြီးရင် ကချင်ပြည်နယ်ထဲမှာရှိတဲ့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဒေသ မှာ အကြမ်းဖက်စစ်တပ် အင်အား အများစု ကင်းရှင်းသွားပြီလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ကချင်ဒေသ၊ ရှမ်းမြောက်ဒေသ နဲ့ စစ်ကိုင်း အထက်ပိုင်း ဆက်သွယ်သွားလာရေး၊ ထောက်ပို့လုပ်ငန်းတွေ လျင်မြန်စွာ လုပ်ဆောင်ရေး လမ်းပွင့်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပမာဏ တက်လာမှာဖြစ်ပါတယ်။ လက်တွေ့နိုင်ငံကို ထိန်းချုပ်ထားတာ ဘယ်အဖွဲ့တွေလဲဆိုတာ ပိုမိုသိသာထင်ရှားလာမှာဖြစ်ပါတယ်။ 


ရခိုင်ဒေသ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို အာရက္ခ တပ်တော်က ၂၀၂၄ ခုနစ်၊ စက်တင်ဘာလ က စတင်ခဲ့ပြီး ယခု ဆိုရင် အမ်းလေဆိပ် အပါအဝင် စစ်စခန်း ပေါင်း (၃၀) ကျော်ကို သိမ်းယူနိုင်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တခုပဲ သိမ်းယူဖို့ကျန်ပါတယ်။ နွေဦးတော်လှန်ရေး သမိုင်းကြောင်းမှာ ဒုတိယမြောက် သိမ်းပိုက်ခံရတဲ့ တိုင်းစစ်ဌာနချုပ်အဖြစ် မှတ်တမ်းဝင်လာမှာဖြစ်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးကို ကိုးကန့် MNDAA တပ်ဖွဲ့က သိမ်းယူထားပြီး ဖြစ်ပါတယ်။ အမ်း တိုက်ပွဲမှာ စစ်ဌာနချုပ်တွေကို သိမ်းယူနိုင်ရုံသာမကဘဲ လေကြောင်း နဲ့ ပို့တဲ့ စစ်ကူတွေ၊ အင်အားရာချီပါ စစ်ကြောင်းတွေကိုပါ အာရက္ခတပ်တော်က စစ်ကြောင်းလုံး ပြုတ်ချေမှုန်းနိုင်နေပြီး စစ်အုပ်စုရဲ့ တိုက်လိုခိုက်လို စိတ်ကို အနိမ့်ဆုံးထိ ကျဆင်းစေလျက်ရှိပါတယ်။ ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းဘက်က တပ်ရင်းတွေကနေ စစ်ကူတွေ ပေးပို့လျက်ရှိပေမယ့်လည်း ဆက်တိုက်ချေမှုန်းခံနေရတာကြောင့် အဲဒီဒေသမှာရှိတဲ့ ရန်သူ့ တပ် အင်အားကိုလဲ ရခိုင်ဒေသမှာ ဆွဲယူချေမှုန်းပြီးသား ဖြစ်စေပါတယ်။ အမ်းတိုက်ပွဲဟာ မြေလတ်ဒေသတိုက်ပွဲတွေကို ကြိုတင် ထောက်ကူပြုနေတာလည်း ဖြစ်ပါတယ်။ အမ်းဒေသတခုလုံး သိမ်းယူပြီးရင် ရခိုင် တောင်ပိုင်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ ဒေသ တခုလုံး ပေါ် စိုးမိုးမှု ပိုမိုခိုင်မာလာမှာဖြစ်သလို မကွေးတိုင်း နဲ့ ချိတ်ဆက်ရေး ပိုမို အားကောင်းလာစေမှာဖြစ်ပါတယ်။


 မကွေးတိုင်း၊ စေတုတ္တရာ၊ မင်းဘူး၊ မင်းတုန်း၊ သရက် ဒေသတွေမှာ  လက်ရှိကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေရဲ့ စစ်ရေးလှုပ်ရှားမှု တိုးမြင့်လျက်ရှိပြီး အမ်း အောင်ပွဲကြောင့် စစ်အုပ်စုကို ချေမှုန်းနိုင်မှု ပိုမို မြန်ဆန်လာမှာဖြစ်ပါတယ်။

ဗန်းမော် နဲ့ အမ်း မြို့သိမ်းတိုက်ပွဲတွေဟာ နောက်လာတော့မှာ မြေပြန့်ထိုးစစ်ကြီးတွေ၊ မြေပြန့် မြို့သိမ်းတိုက်ပွဲတွေကို ကြိုတင်ထောက်ကူပြုနေတဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ ဗန်းမော် နဲ့ အမ်း မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်လျက်ရှိတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့လဲ မြေပြန့်ဒေသစစ်ဆင်ရေးတွေ အတွက်ကြီးမားတဲ့ စစ်ရေးအတွေ့အကြုံ၊ စစ်ဘက်ကွပ်ကဲမှု၊ စစ်ဘက် စီမံမှု သင်ခန်းစာကောင်းတွေကို လက်တွေ့ သင်ယူနေကြပြီဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

2 comments:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...