Wednesday, 4 December 2024

KIA ပူးပေါင်းတပ်က ဗန်းမော်နှင့်မံစီရှိ စစ်ကောင်စီတပ်စခန်း ငါးခုထက်မနည်းကို တစ်ပြိုင်တည်းချိတ်ဆက်တိုက်ခိုက်၊ စခန်းအချို့ကို သိမ်းပိုက်ရရှိထား



 KIA ပူးပေါင်းတပ်က ဗန်းမော်နှင့်မံစီရှိ စစ်ကောင်စီတပ်စခန်း ငါးခုထက်မနည်းကို တစ်ပြိုင်တည်းချိတ်ဆက်တိုက်ခိုက်၊ စခန်းအချို့ကို သိမ်းပိုက်ရရှိထား


ဗန်းမော် - ဒီဇင်ဘာ ၄၊ ၂၀၂၄။


ဗန်းမော်နှင့် မံစီရှိ စစ်ကောင်စီတပ်၏အရေးပါသည့် စခန်းငါးခုထက်မနည်းကို KIA ပူးပေါင်းတပ်က ယနေ့ နံနက် ၅ နာရီခန့်မှစတင်ကာ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေပြီး တပ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။


KIA ပူးပေါင်းတပ်က မံစီရှိ ခ.လ.ရ (၃၁၉)၊ ခ.မ.ရ (၆၀၁)၊ လက်နက်ကြီးတပ် (၃၅၂)၊ ဗန်းမော်မြို့အနီးရှိ ခ.လ.ရ (၄၇)၊ စ.စ.န (၆၄၁) တို့ကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စွဲထားသော နေရာများကိုလည်း တိုက်ခိုက်နေကြောင်းသိရသည်။


တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ခ.လ.ရ (၄၇) တပ်စခန်း သိမ်းပိုက်ခြင်းနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။


“သိမ်းထားတာဆိုတာကတော့ ဆိုရှယ်မီဒီယာမှာပဲတွေ့ရတယ်။ ကျွန်တော်တို့ကိုဘယ်သူမှ ကွန်ဖန်းလုပ်မပေးသေးဘူးအဲဒီကိစ္စတွေ။ တိုက်ပွဲတော့ဆက်ဖြစ်နေပါတယ်။ ကြားသိရတာကတော့ မံစီဘက်မှာတိုက်တယ်။ အဲဒီဗန်းမော်နဲ့ မံစီကြားက စခန်းတွေကိုတိုက်တယ်။ နောက်ဒီ နားလိုင်၊ ခူးလီဘက်မှာလေ တက္ကသိုလ်ကျောင်းတို့၊ မိုးဖိန်းတို့ဘက်မှာလည်းတိုက်တယ်ဆိုတာလောက်ပဲကြားတယ်" ဟုပြောသည်။


ဗန်းမော် ခ.လ.ရ (၄၇) ၏ ကာကင်းစခန်းများဖြစ်သော ဖန်ခါးကုန်းဂိတ်စခန်း၊ ညောင်ပင်သာစခန်းနှင့် ဗန်မော်တက္ကသိုလ်ကို ဝင်ရောက်ထားပြီးဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။


KIA ပူးပေါင်းတပ်က ဗန်းမော်မြို့အနီးတို့ ယခုကဲ့သို့တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခြင်သည် ကြီးမားသောစစ်ဆင်ရေးဖြစ်ပြီး ဗန်းမော်မြို့အတွက် အပြောင်းအလဲဖြစ်နိုင်ကြောင်း ကချင်အရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။


“ချိတ်ဆက်ညှိနှိုင်းချိန်ကိုက်ပြီးတော့ နေရာစုံကို တစ်ပြိုင်တည်းတိုက်ခိုက်တဲ့အတွင် ထူးခြားတဲ့ ဖြစ်စဉ်ဖြစ်တယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကတစ်ခါ မေလမှာတစ်ခါ KIA ဘက်ကလုပ်ခဲ့တယ်။ ပထမနှစ်ခါမှာလည်း စကစ စခန်းတွေကို ဒီပုံစံနဲ့သိမ်းခဲ့တဲ့အတွက် ဒီတစ်ကြိမ်မှာလည်း စခန်းဘယ်နှခုကို သိမ်းနိုင်မလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ” ဟုပြောသည်။


ယနေ့ ညနေပိုင်းတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဗန်းမော်မြို့အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်း၊ မြို့ပြင်တွင် စစ်ကောင်စီတပ်ကားများ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းနှင့် ထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းများထွက်ပေါ်နေပြီး The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။


မြို့အတွင်းတွင်လည်း လက်နက်ကြီးသံများကြားနေရပြီး စစ်ရေးတင်းမာလာသဖြင့် ဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းမှစတင်ကာ ရေလမ်းမှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်နေကြရာ နေ့လယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်ကမ်းအနီး တပ်စွဲကာ ဝင်ထွက်ခွင့်ပိတ်ထားသောကြောင့် ဒေသခံအချို့ပိတ်မိနေကြောင်း သိရသည်။


ဗန်းမော်မြို့မှထွက်နိုင်သော မိုးမောက်နှင့် မံစီ လမ်းနှစ်ဖက်လုံးတွင် စစ်ရေးတင်းမာနေသဖြင့် ဒေသခံပြည်သူများက ရေလမ်းအသုံးပြုကာ နီးစပ်ရာသို့တိမ်းရှောင်နေကြခြင်းဖြစ်သည်။


မံစီတွင် စစ်ကောင်စီတပ်စခန်းနှစ်ခု ကျန်ရှိနေဆဲဖြစ်ပြီး ဗန်းမော်မြို့တွင် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် သံချပ်ကာတပ်၊ တင့်ကားတပ်၊ အမြောက်တပ်၊ စစ်အင်ဂျင်နီယာတပ်၊ ထောက်ပို့၊ ဆက်သွယ်ရေးနှင့် စစ်မြေပြင်ဆေးတပ် စသည့်တပ်စခန်းစုစုပေါင်း ၁၃ ခုထက်မနည်းရှိသည်။


ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း KIA ပူးပေါင်းတပ်များက မြစ်ကြီးနား - ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ချိန်တည်းထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။


ဝိုင်းမော်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း မေလ ၁၈ ရက်နေ့ကမှစတင်ကာ တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခ.မ.ရ (၃၂၁)၊ လုံဇက်ကောင်နှင့် ကဇူးတပ်စခန်းတို့ကို သိမ်းပိုက်ခဲ့သည်။


KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ၁၃ မြို့၊ စစ်ကောင်စီတပ် စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၂၂၀ ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်သည်။


ပုံ - မိုးမောက်နှင့် ဝိုင်းမော်စခန်းသိမ်းတိုက်ပွဲတို့တွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်အချို့

1 comment:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...