Monday, 2 December 2024

လွိုင်ကော်မြို့အနီးတိုက်ပွဲအတွင်း ဖမ်းဆီးမိသည့် စစ်သား ငါးဦးအား ဆေးကုပေးပြီးကောင်းမွန်စွာထိန်းသိမ်းထားဟု KNDF အသိပေး


 လွိုင်ကော်မြို့အနီးတိုက်ပွဲအတွင်း ဖမ်းဆီးမိသည့် စစ်သား ငါးဦးအား ဆေးကုပေးပြီးကောင်းမွန်စွာထိန်းသိမ်းထားဟု KNDF အသိပေး


ရဲခေါင်/People's Spring


လွိုင်ကော်မြို့အနီးတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ငါးဦးအား ဆေးကုပေးပြီး ကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့(ဒီဇင်ဘာ ၂ရက်) ထုတ်ပြန်သည်။


ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ရက်တွင် လွိုင်ကော်မြို့အစပ်တနေရာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံ ခလရ(၈၀)တပ်ရင်းအား KNDF၊ကလလတ၊Loikaw Local PDF နှင့် PNDF တို့ ပူးပေါင်းချေမှုန်းတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။


"စစ်ကောင်စီတပ်သား ငါးဦးကို အရှင်ဖမ်းမိခဲ့တာပါ။သူတို့ထဲက တစ်ဦးကတော့ ဆေးကုသမှုခံယူရင်နဲ့ ဖမ်းမိတဲ့နေ့ကတည်းက သေဆုံးသွားပါတယ်"ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။


ဆေးကုသမှုခံယူနေသည့် စစ်သုံ့ပန်း ခလရတပ်သား ဖိုးထူး၊ဇော်လင်းဖြိုး တပ်သားနှင့် မျိုးသက်မင်း တို့ သုံးဦးသည် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစည်းရုံးမှုကြောင့် စစ်တပ်အတွင်း ခေါ်ဆောင်ခံရသူများဟု ထွက်ဆိုသည်။ 


"ရှေ့တန်းကို ရောက်လာတာ နှစ်လကျော်ပါပြီ။ကိုယ့် သဘောနဲ့ကိုယ်ဝင်တာ မဟုတ်ပါဘူး။မဲနှိုက်လို့ မဲပေါက်လို့ ဝင်ရတာပါ။တိုက်ပွဲ ဖြစ်တော့ကြောက်ကြောက်နဲ့ ပစ်ရတာပါ။ထိမထိလည်း မသိပါဘူး။အဲဒါနဲ့ ဒီဘက်က အလင်းဝင်၊အလင်းဝင်ဆိုတာနဲ့ သေနတ်ချပြီး အလင်းဝင်လိုက်တာပါ"ဟု တပ်သားမျိုးသက်မင်းက ပြောသည်။


နိုဝင်ဘာ ၂၆ ရက်က လွိုင်ကော်မြို့အနီး လင်းဖုံလေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရ၍ စစ်ကောင်စီစစ်ကြောင်းမှာ ဖရိုဖရဲဖြင့် ဆုတ်ခွာခဲ့ရကြောင်း KNDFက အသိပေးထားသည်။


ထို့အပြင် နယ်မြေရှင်းလင်းချိန်တွင် လက်နက် ၂၀ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။


(ဖမ်းမိထားသည့် စစ်ကောင်စီတပ်သား ငါးဦးအား ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - File)

1 comment:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...