ဒီလပိုင်းတွေမှာ ရှိုးပွဲတွေ၊ ပြပွဲတွေ၊ ပွဲလမ်းသဘင်တွေ ခပ်စိတ်စိတ် လုပ်လာကြပါတယ်။ တချို့သော အနုပညာရှင်များဆို ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေထက် ဖျော်ဖြေပွဲတွေ ပိုများလာကြပါတယ်။ ဒီပွဲလမ်းတွေကိုမြင်ရင် ဒီနိုင်ငံမှာ ဘယ်တုန်းကမှ သွေးချောင်းမစီးခဲ့ဘူးလို့တောင် ထင်ရနိုင်ပါတယ်။
လူတိုင်းဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ဘဝကိုဆုံးဖြတ်ခွင့်ရှိကြတယ်။ ပြည်သူတွေက ရှိုးမဆိုရဘူး၊ ပွဲမတက်ရဘူးလို့ မတားပါဘူး။ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်စေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အခမ်းအနားတွေ၊ တော်လှန်ရေးကို ပုံဖျက်စေနိုင်တဲ့ ပွဲလမ်းတွေကို ရှောင်ရှားဖို့တောင်းဆိုကြတာပါ။အနုပညာရှင်တွေအနေနဲ့လည်း ဝမ်းရေးက တိုက်တွန်းတဲ့အခါ အခကြေးငွေရ ပွဲလမ်းတွေကို ရှောင်လွှဲလို့ မရတာမျိုး ကြုံတွေ့ကြရ တယ်။ သို့ပေမယ့် မည်သို့၊ မည်ပုံ ဆက်လက်ရပ်တည်မလဲဆိုတာကတော့ မိမိဆုံးဖြတ်ချက်ဖြစ်ပါတယ်။
မဲဆောက်ဆိုတာမှာ စစ်ကောင်စီပေးတဲ့ ဒုက္ခတွေကြောင့် ဆင်းရဲကြီးစွာ ထွက်ပြေးလာရတဲ့ ပြည်သူတွေ အများအပြား ရှိပါတယ်။ ဒီပြည်သူတွေရဲ့ မျက်နှာကို မထောက် မဲဆောက်မှာ လာရောက်ဖျော်ဖြေနိုင်တဲ့ အနုပညာရှင်တွေဟာ ကိုယ်ကျင့်တရား ပြဿနာရှိနေတယ်လို့ ဆိုရမယ်။ ပြည်သူတွေက ဘာလို့ ဒီလောက်စိတ်ဆိုးဒေါသထွက်လဲဆိုတာ သူတို့တွေသိသင့်တယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကို ထည့်သွင်းမစဉ်းစားနိုင်ကတည်းက ဒီလိုလူတွေရဲ့ရပ်တည်ချက်က ဘာလဲဆိုတာ သိသာတယ်။
ခေတ်ပျက်တဲ့အခါ ငတ်မွတ်ဆင်းရဲမှုကို မိမိသီလနဲ့ လဲလှယ်ရတတ်တယ်။ ဘယ်အနုပညာရှင်က သူတို့သီလကို ငွေကြေးနဲ့ လဲလှယ်ခဲ့ကြတယ်ဆိုတာ သမိုင်းမှာ လူထုက အဆုံးအဖြတ်ပေးပါလိမ့်မယ်။
#yangonrevolutionforce
#yrf
No comments:
Post a Comment