Tuesday 21 March 2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဒုတိယ ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးပြုလုပ်


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဒုတိယ ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးပြုလုပ်


မတ် ၂၁ ၊ ၂၀၂၃


ယနေ့ ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးကို မနက် ၉ နာရီမှစတင်ကာ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့သည်။


အစည်းအဝေးကို ပြည်နယ်နှင့်တိုင်းအသီးသီးက အဖွဲ့ချုပ်ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုအလုပ်ကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီဝင်များ နဲ့ ဖိတ်ကြားထားသော အဖွဲ့ချုပ် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ 


အစည်းအဝေးတွင် သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က အမှာစကားပြောကြားကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာ မေဝင်းမြင့်က ဗဟိုအလုပ်ကော်မတီ (CWC) ၏လုပ်ငန်းဆောင်ရွက်ထားမှုများကို အစီရင်ခံ တင်ပြခဲ့သည်။ 


ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က အမှာစကားပြောကြားရာတွင် 

“ဗမာအပါအဝင် ညီနောင်တိုင်းရင်းသားများ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး အတွက် မတရားဖမ်းဆီးခံထားရတဲ့ ကျန်တော်တို့ရဲ့ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်ဒုတိယဥက္ကဋ္ဌဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ပြီး နိုင်ငံအတွက်အရေးပါတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ stakeholders များစုံညီစွာနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ပြည်ထောင်စုအရေးကို အနှစ်သာရအရပါပြောင်းလဲနိုင်ရေးအတွက် ကျရာကဏ္ဍကနေ နည်းလမ်းစုံနဲ့-ဖြောင့်မတ်မှန်ကန်တဲ့ စေတနာ၊ ခိုင်မာတောင့်တင်းတဲ့ စည်းလုံးမှု၊ ရဲရင့်တည်ကြည်တဲ့ သတ္တိ တို့နဲ့ဆက်လက်လျှောက်လှမ်းသွားကြပါစို့”ဟုတိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ဗဟိုရေးရာကော်မတီများက အစီရင်ခံစာများ တင်သွင်းခြင်း၊ တိုင်းနှင့်ပြည်နယ် ဗဟိုကော်မတီဝင်များက အစီရင်ခံစာများ၊ စာတမ်းများ တင်သွင်းခဲ့ကြသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့ကလည်း လုပ်ငန်းဆောင်ရွက်ထားမှု အစီရင်ခံစာကို တင်သွင်းခဲ့သည်။ 


အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး တင်သွင်းလာသော အစီရင်ခံစာများ၊ အကြံပြုချက်များ အားလုံးကို မှတ်တမ်းတင်ခဲ့သည်။ 


ဒုတိယဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)၊ ဒုတိယဥက္ကဌ ဦးဝင်းမြင့်(နိုင်ငံတော်သမ္မတ) အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ရန်၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆောင်ရွက်ရာတွင် ပါတီအကျိုးထက် ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် အဓိကထားပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားရန်၊ ဒုတိယဗဟိုကော်မတီ တတိယပုံမှန်အစည်းအဝေးကျင်းပပြီးနောက်ပိုင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက်များ၊ ထုတ်ပြန်ကြေညာချက်များနှင့် ၂၀၂၁ ခုနှစ်အောက်တိုဘာ ၃၀ ရက်မှစ၍ ယနေ့ကာလအထိ ဗဟိုအလုပ်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက်များ၊ ထုတ်ပြန်ကြေညာချက်များကို ထောက်ခံအတည်ပြုရန်နှင့် လိုအပ်ပါက စုစည်းထားသော ဗဟိုအလုပ်ကော်မတီကို တိုးချဲ့အင်အားဖြည့်နိုင်ရေး အလေးအနက်ထားဆောင်ရွက်ရန် စသည့် အချက်များပါဝင်သည့် ဆုံးဖြတ်ချက် (၁၁) ချက်ကို ကန့်ကွက်သူမရှိအတည်ပြုခဲ့သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...