Sunday 9 April 2023

" ပြည်သူအားလုံး ပုန်ကန် တော်လှန်ရမည့် အာဏာရှင် သင်္ကြန် "


 " ပြည်သူအားလုံး ပုန်ကန် တော်လှန်ရမည့် အာဏာရှင် သင်္ကြန် "

++++++++++++++++++++++

မောင်းမှကောက်နှုတ် ရေးသားသည်။ 


 စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း (၃) ကြိမ်မြောက် ကျရောက်လာတဲ့ မြန်မာနှစ်သစ်ကူးအခါသမယဟာ ပြည်သူတွေအတွက်တော့ ပျော်စရာတွေ ဆိတ်သုဉ်းနေဆဲ အခြေအနေပဲဖြစ်ပါတယ်။ 

 

မြန်မာ တစ်နိုင်ငံလုံးက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ဘေးရှောင်နေရပြီး နေရာအနှံတိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ မဟာသင်္ကြန်ကာလကို ပြန်လည် ရောက်ရှိလာခြင်းဖြစ်ပါတယ်။ 


သင်္ကြန်ကာလကို မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ပြည့်ပြည့်၀၀ ပျော်ရွှင်စွာ ဆင်နွဲခွင့်

မရတာ အရပ်သား အစိုးရလက်ထပ်(ကိုဗစ်ကာလ) အပါအဝင် ၄ နှစ်တိတိရှိပြီဖြစ်ပါတယ်။


မြန်မာနဲ့သင်္ကြန်ဆိုတာ ခွဲခြားဖို့ခက်တဲ့ အစဉ်အလာ နှစ်သစ်ကူးကာလမှာ တိုင်းပြည်ဟာ အာဏာရှင်ကြောင့် ကံဆိုးစွာနဲ့ ပဋိပက္ခတွေကြား စစ်ဘေးသင့်နေရခြင်း ဖြစ်ပါတယ်။ 


မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲကို ၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ရောဂါဘေးကြောင့် မကျင်းပဖြစ်လိုက်ပါဘူး။ ၂၀၂၁ ခုနှစ်မှာလည်း စစ်ကောင်စီကြောင့် သေဆုံးသွားသူတွေအတွက် ဝမ်းနည်းတဲ့အနေနဲ့ ပြည်သူတွေအများစု ကပါဝင်ဆင်နွဲဖို့ ငြင်းဆန်ခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလည်း စစ်ကောင်စီက မဏ္ဍပ်တွေ၊ အဆိုတော်တွေ၊ သရုပ်ဆောင်တွေနဲ့အတူ ဖျော်ဖြေရေးတွေ လုပ်ပေးထားပေမဲ့လည်း တော်လှန်သင်္ကြန်မှာ ပါဝင်တဲ့ ပြည်သူတွေက တာဝန်ကျေခဲ့ကြပြီးဖြစ်ပါတယ်။


အခုသင်္ကြန်ကာလ နေ့ထူးနေ့မြတ်မှာ တချို့ ပြည်နယ်နဲ့တိုင်းတွေမှာတော့ ဘုရား၊ ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်တည်ခွင့်၊ မိသားစုတွေ တစုတဝေးနဲ့ နေခွင့်မရဘဲ အသက်ဘေးကနေလွတ်အောင် ပြေးနေကြရတဲ့သူတွေလည်း ရှိနေပါတယ်။


ကျေးရွာတွေမှာ စစ်ကောင်စီက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို သာသနိက ဘုရားကျောင်းကန် အဆောက်အအုံတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြလို့ ကုသိုလ်ကောင်းမှု လုပ်ဖို့ပင် ပြည်သူတွေ အတွက် အခွင့်အရေးမရှိတော့တာဖြစ်ပါတယ်။


စစ်ကောင်စီဘက်ကတော့ ဒီနှစ်မှာလည်း ထုံးစံအတိုင်း သင်္ကြန်ကို စည်းကားလာအောင် ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်လျှက်ရှိပြီး ၂၀၂၂ ကလိုပဲ တစ်နိုင်ငံလုံးမှာ ခြောက်ကပ် တိတ်ဆိတ်နေဖို့ ပြည်သူတွေဘက်က တာဝန်ကျေနေဖို့လည်း လိုအပ်ဦးမှာဖြစ်ပါတယ်။ 


မြို့ကြီးတွေမှာမြို့တော်ဝန် မဏ္ဍပ်တွေ၊ ဗဟိုမဏ္ဍပ်တွေ မြို့ကြီးတွေမှာ စည်ကားအောင် စစ်ကောင်စီဘက်က ပြင်ဆင်ထားပြီး တပ်တွင်းမှာလည်း သင်္ကြန်ကို စည်ကားအောင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။


တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အခုနှစ်သင်္ကြန်မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကကျင်းပတဲ့ သင်္ကြန်အခမ်းအနားတွေနဲ့ ဝေးဝေးကနေဖို့ သတိပေးထားပြီး အပျော်မလွန်ဖို့၊ တိတ်တိတ်လေး ပျော်ပေးဖို့ မေတ္တာရပ်ခံထားပြီးဖြစ်ပါတယ်။


ထူးခြားချက်အနေနဲ့ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီရဲ့ တပ်တွင်းမှာခမ်းနား ကြီးကျယ်စွာပြုလုပ်မယ့် သင်္ကြန်ပွဲတော်ကိုပါ နည်းမျိူးစုံနဲ့တိုက်ခိုက်ပြီး သွေးကြွေးဆပ်တဲ့ သင်္ကြန်အဖြစ် အသွင်ပြောင်းမယ်လို့ သတိပေးကြုံးဝါးထားပြီးဖြစ်ပါတယ်။ 


တကယ်တမ်းမှာလည်း ပြည်သူတွေအနေနဲ့ နှစ်သစ်ကူးကာလကို တိတ်တိတ်လေးကျော်ဖြတ်နိုင်ခြင်းက တော်လှန်ရေးအတွင်းကျဆုံးသွားတဲ့ ပြည်သူတွေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေအပေါ် လေးစားသမှုထားရှိကြောင်းကို ပြသရာရောက်သလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ကူညီရာရောက်မှာဖြစ်ပါတယ်။ 


အညာဒေသလို အခြေအနေမျိုးမှာဆိုရင် သောင်းနဲ့ချီတဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးခံထားရပြီး ရာနဲ့ချီတဲ့သူတွေဟာ လတ်တလော သတ်ဖြတ်ခံထားရခြင်းတွေကို တစ်နိုင်ငံလုံးက ပြည်သူတွေအားလုံး ဝမ်းနည်းစွာနဲ့ အားနာတတ်ဖို့ ကအရေးကြီးဆုံးပဲဖြစ်ပါတယ်။


၄နှစ်နီးပါး ကိုဗစ်ဒဏ်နဲ့ စစ်အာဏာသိမ်းမှုကြားမှာ မွန်းကြပ်နေတဲ့ ပြည်သူတွေဘက်ကကြည့်ရင်လည်း ပျော်ရွှင်မှုကို လိုလားတောင့်တာတာ မှန်ကန်ပေမယ့် လက်ရှိတော်လှန်ရေးဟာ တိုင်းပြည်ရဲ့လာမယ့် အနာဂတ်ကောင်းစားဖို့ သီးခံရောင့်ရဲ ရမယ့် အခြေအနေပဲဖြစ်ပါတယ်။


ခေတ် အဆက်ဆက် စစ်အာဏာသိမ်းမှု သံသရာထဲက ရုန်းမထွက်နိုင်ခဲ့တဲ့ မြန်မာပြည်သူတွေအနေနဲ့ အခု နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို အပြတ်မဖြတ်နိုင်ရင် သားစဉ်မြေးဆက် မြန်မာနိုင်ငံဟာ စစ်ကျွန်ဘ၀နဲ့ အဆုံးသတ်ရမှာ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ သင်္ကြန်မှာ တော်လှန်ရင်း ပုန်ကန် သင်္ကြန်အဖြစ် ဆင်နွဲသင့်ပါကြောင်း ကောက်နှုတ်ရေးသားလိုက်ရပါတယ်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...