Saturday 10 June 2023

မုံရွာမြို့ နမခစစ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန်ခဲ့၊ ဒေသခံတွေ ထောင်ချီထွက်ပြေးနေရ


မုံရွာမြို့ နမခစစ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန်ခဲ့၊ ဒေသခံတွေ ထောင်ချီထွက်ပြေးနေရ


မြေလတ်အသံ သတင်းအဖွဲ့


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီးရဲစခန်းကို ဇွန်လ ၉ ရက် ညနေ ၆ နာရီခန့်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းတခုလုံးနီးပါးကို သိမ်းပိုက်နိုင်လိုက်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။ 


အဆိုပါ ညောင်ပင်ကြီးရဲစခန်းဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနီးဆုံးမှာရှိပြီး ချင်းတွင်းမြစ်တခုသာ ခြားပါတယ်။ 


ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောကြားချက်အရတော့ ညောင်ပင်ကြီးရဲစခန်း၊ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့သလို အရှင်ဖမ်းမိထားတဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်။


ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က စခန်းသိမ်းတိုက်ပွဲစတင်ပြီး ၁၅ မိနစ်ခန့်အကြာမှာ Mi 35 ရဟတ်ယာဉ်တွေနဲ့ စခန်းအနီးဝန်းကျင်ကို ၄၅ မိနစ်ကြာခန့် လှည့်ပတ်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ 


ဒီလိုပစ်ခတ်ခဲ့လို့ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်ကလည်း ရဲဘော် ၁ ဦးကျဆုံးပြီး ၅ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ရဲဘော်တွေရဲ့ အသေးစိတ်အခြေအနေကိုတော့ ပြောလို့မရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။  


ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရနေချိန်မှာ စစ်ကောင်စီဘက်က ပစ်ကူအနေနဲ့ ဝမ်ပေါင်မှာ အထိုင်ချထားတဲ့ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ကူပစ်ပေးသလို မုံရွာမြို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ကူပစ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ 


အလားတူ ရဲစခန်းကို ကာကွယ်နိုင်ဖို့အတွက် စစ်ကောင်စီဟာ Mi 35 ရဟက်ယာဉ်ကို အသုံးပြုခဲ့ရပါတယ်။ 


အထက်ပါအခြေအနေကြောင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ညောင်ပင်ကြီးရဲစခန်းရဲ့ တောင်ဘက်အခြမ်းကိုသာ သိမ်းနိုင်လိုက်ပြီး စခန်းရဲ့မြောက်ဘက်အခြမ်းကိုတော့ မသိမ်းပိုက်နိုင်လိုက်ဘူးလို့ ဆိုပါတယ်။


“ရဲစခန်းရဲ့တောင်ဘက်ခြမ်းတော့ သိမ်းနိုင်တယ်၊ မြောက်ဘက်ခြမ်းတော့ မသိမ်းနိုင်ဘူး၊ စခန်းမှူး လွတ်သွားတယ်လို့တော့သိရတယ်” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။


အခုစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးကာ ရဲ ၂ ဦးကို အရှင်ဖမ်းမိခဲ့ပြီး BA 63 (G 3) သေနတ် ၄ လက်၊ BA 94 (အူဇီ)သေနတ် ၂ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၁ လုံး၊ ၇.၆၂ မမ ကျည်ဆံအများအပြားနဲ့ ရဲတပ်ဖွဲ့သုံးဆက်စပ်ပစ္စည်းတွေအပါအဝင် ငွေသားတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။


ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းမှ လက်နက်ခဲယမ်းတွေယူဆောင်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့နောက်မှာတော့ ကျောက်မျက်တောင်ဘက်မှ စစ်ကြောင်းတကြောင်းနဲ့ မုံရွာဘက်မှ စစ်ကြောင်းတကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၂ ကြောင်းရောက်လာကာ ညောင်ပင်ကြီးရဲစခန်းမှာ အင်အားဖြည့်တင်းပြီး ပြန်လည်တပ်စွဲထားတယ်လို့ PDF တပ်ဖွဲ့တွေက ဆိုပါတယ်။ 


အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ညောင်ပင်ကြီးရဲစခန်းအနီးက လူနေအိမ်တွေကို မီးရှို့ခဲ့သလို ညောင်ပင်ကြီးစံပြကျေးရွာကိုလည်း ဆက်လက်မီးရှို့နေတာကြောင့် အဆိုပါကျေးရွာခံတွေအပါအဝင် အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာလည်း တညလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 


"ဒေသခံတွေက မနေ့က ၅နာရီ ကတည်းကနေ ပြေးနေရတာ။ ညမအိပ်ရတော့ဘဲ ပြေးနေရတာ။ အခုချိန်ထိပေါ့။ Mi35နဲ့ စက်ဝိုင်းပုံစံဝိုင်းပြီးတော့ ၅ ကြိမ်ပစ်တယ်။ ရွာထဲကစကစတွေကတော့ လေကြောင်းပစ်ပြီးတာနဲ့ အိမ်တွေကို မီးစရှို့တာ။ တညလုံးရှို့တယ်။ အခုထိမီးက မငြိမ်းသေးဘူး"လို့ ဒေသခံတဦးက ဆိုပါတယ်။


ထွက်ပြေးနေရသူတွေဟာ ညောင်ပင်ကြီးကျေးရွာအပါအဝင် ကျေးရွာ ၉ ရွာက ဒေသခံတွေဖြစ်ကြပြီး ဇွန်လ ၁၀ ရက် ဒီမနက်အထိ ဘေးလွတ်ရာနေကို မရောက်သေးတာကြောင့် ဆက်လက်ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ National Revolution Armyမှ ခေါင်းဆောင်က ပြောပါတယ်။


စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီး၊ အိုမ၊ ထန်းတောကြီး၊ ထန်းတော၊ ရွာရှည်၊ ရုံးပင်ရိုး၊ ပလောင်၊ ဝက်မှေး၊ ကံတော် စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ ခန့်ဟာ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 


"မနေ့က ရွာထဲကိုလက်နက်ကြီးပစ်လို့ အဘွားတယောက် သေတယ်လို့ကြားတယ်။ အမျိုးသမီး တယောက်ကတော့ လက်မောင်မှာကျည်မှန်သွားတယ်။ နောက်အမျိုးသားတယောက်ကတော့ ပါးမှာမှန်သွားတယ်လို့သိရတယ်။ သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူး" လို့ NRAခေါင်းဆောင်က ဆိုပါတယ်။


ဒါ့အပြင် အင်အားဖြည့်ဖို့ရောက်လာတဲ့ စစ်ကြောင်းတွေဟာ ညောင်ပင်ကြီးကျေးရွာအနီးဝန်းကျင်က ထန်းတောရွာအပါအဝင် ကျေးရွာတွေကိုလည်း တရွာဝင်တရွာထွက် လိုက်လံမီးရှို့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 


လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ပေမယ့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မပြေးနိုင်ဘဲ ကျေးရွာတွေထဲ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးနေရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 


#မြေလတ်အသံ

#မုံရွာ #စစ်ကိုင်းတိုင်း #ညောင်ပင်ကြီး #Mi35 #နမခစစ်ဌာနချုပ် #စခန်းသိမ်းတိုက်ပွဲ 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...