Sunday 11 June 2023

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်နှင့် အမှတ် ၈ လမ်းမကြီးတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် အရာမှန်သမျှ တင်ဆောင်ခြင်းမပြုရန် အမိန့် KNU ကထုတ်ပြန်


 မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်နှင့် အမှတ် ၈ လမ်းမကြီးတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် အရာမှန်သမျှ တင်ဆောင်ခြင်းမပြုရန် အမိန့် KNU ကထုတ်ပြန်


ရန်ကုန်၊ ဇွန် ၁၁ 


ကရင် အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ က မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်နှင့် အမှတ် ၈ လမ်းမကြီးတွင် သွားလာနေသော ပြည်သူများ လိုက်နာရန် အမိန့်တစ်ရပ်ကို KNU တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ 


ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်သော အမိန့်တွင် အချက် ၄ ချက်ပါဝင်ပြီး တပ်ဖွဲ့ဝင်များက စစ်ဆေးရန် ခေါ်ယူရပ်တန့်သည့်အခါ မော်တော်ယာဉ်ကို ကြည်ဖြူစွာ ရပ်တန့် ပေး၍ စစ်ဆေးခံရန် ၊ ယာဉ်များတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်၀တ္တုဖြစ်စေ၊ တင်ဆောင်ခြင်း လုံး၀ မပြုလုပ်ရန်၊ ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းခြင်းမပြုရန် ၊ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များ ကြည်ဖြူစွာ ရပ်တန့် အစစ်ဆေးခံကြရန် အမိန့်ထုတ်ပြန်သည်။ 


"အဓိက စစ်တပ်နဲ့ပတ်သက်တာတွေ မတင်ဖို့ပါ။ စစ်သားတွေ လက်နက်ပစ္စည်း ရိက္ခာတွေ မတင်ဖို့ တားမြစ်တာပါ။ တင်တာတွေ ရှိနေလို့ပါ" ဟု KNU တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ မှ တော်လှန်ရဲဘော်တစ်ဦးက ပြောသည်။ 


စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ခရီးသွားပြည်သူများကို အကာအကွယ်၍ သွားလာနေသည့်အတွက် ထိုအမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၆ ၊ တပ်ရင်း အမှတ် ၂၇ ၏ အမိန့်တွင် တရားဝင် ကြေညာထားသည်။ 


တားမြစ်ထားသည့်အမိန့်ကို ဖောက်ဖျက်ပါက ဖောက်ဖျက်သူ၏ တာဝန်သာဖြစ် ကြောင်း တရားဝင် ပြောဆိုထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...