Wednesday 2 August 2023

လက်နက်စက်ရုံများကို တိုက်ခိုက်ခြင်း


 လက်နက်စက်ရုံများကို တိုက်ခိုက်ခြင်း

——————————————————

အကြမ်းဖက် စစ်တပ် အနေနဲ့ လူအင်အား၊ စိတ်ဓာတ် အင်အားအရ ကျဆင်းလာတာနဲ့ အတူ လက်နက်ကြီး အင်အားကို အားပြုပြီး တိုက်ပွဲဝင်လျက်ရှိပါတယ်။ အဲဒီလက်နက်ကြီးတွေ အဓိက ရရှိတဲ့ နေရာကတော့ စစ်တပ် လက်အောက်မှာ ရှိတဲ့ ကာကွယ်ရေး လက်နက်ပစ္စည်း စက်ရုံတွေ ဖြစ်ပြီး ကပစ လို့ ခေါ်ပါတယ်။ အရင်းလဲ၊အဖျား ထင်းဖြစ်ဆိုသလိုပဲ စစ်တပ်က အသုံးပြုနေတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်တဲ့ စက်ရုံတွေ ဖျက်ဆီးနိုင်ရင် အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆင် တိုက်ခိုက်နိုင်စွမ်းမှာ အကန့်အသတ်တွေ ပေါ်လာမှာဖြစ်ပါတယ်။


 ဒုတိယ ကမ္ဘာ စစ်အတွင်းမှာလည်း တဖက်ရန်သူ ရဲ့ စစ်လက်နက် ထုတ်လုပ်ရေး လုပ်ငန်း နယ်မြေတွေ၊ သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ပြီး စစ်ရေးအရ အနိုင်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ နာဇီဂျာမနီ ရဲ့ တင့်ကား၊ စစ်လေယာဥ်၊ ခဲယမ်း၊ ရေငုပ်သင်္ဘော နဲ့ လောင်စာဆီချက် စက်ရုံတွေကို မဟာမိတ် စစ်လေယာဥ်တွေက ဗုံးကြဲ တိုက်ခိုက်ပြီး ရန်သူရဲ့ စစ်ဘက် စက်မှု လုပ်ငန်းကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ပါတယ်။


ပြည်သူ့ ကာကွယ်ရေး တပ်မတော် အနေနဲ့ အကြမ်းဖက် စစ်တပ်ကို ရှေ့တန်း မှာ တိုက်ခိုက်လျက်ရှိသလို နောက်တန်း စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံတွေကိုလည်း စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပါတယ်။ ၂၀၂၃ ခုနစ် ပထမ (၆) လ ပတ် ကာလ တွင်းမှာ ရန်သူ့ ကပစ စက်ရုံပေါင်း (၇) ရုံ ကို PDF တွေ နဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေဟာ (၁၂) ကြိမ်တိုင်တိုင် တိုက်ခိုက်ထားပါတယ်။


🔺မင်းလှ မြို့နယ် ကပစ (၁၀) ၁ ကြိမ်

🔺သရက် မြို့နယ် ကပစ (၁၂) ၂ ကြိမ်

🔺ငဖဲ မြို့နယ် ကပစ (၁၄) ၁ ကြိမ်

🔺 ဆိပ်ဖြူ မြို့နယ် ကပစ (၂၁) ၂ ကြိမ်

🔺 ဆိပ်ဖြူ မြို့နယ် ကပစ (၂၂) ၄ ကြိမ်

🔺 ဂန့်ဂေါ မြို့နယ် ကပစ (၂၃) ၁ ကြိမ်

🔺 ဆော မြို့နယ် ကပစ (၂၅) ၁ ကြိမ်


- ကပစ (၁၀) က ၄၀ မမ ယာဥ်တင် ထုတ်တွေ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး 

- ကပစ (၁၂) က ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ ဗုံးသီး ထုတ်စက်ရုံဖြစ်ကာ 

- ကပစ (၁၄) က ဂတ်ဖြည့်စက်ရုံဖြစ်ပါတယ်။ 

- ကပစ (၂၁) က လေယာဥ်ဗုံး ထုတ်တဲ့ စက်ရုံဖြစ်ကာ 

- ကပစ (၂၂) က Mark-1, Mark-2, Mark-3, Mark-4 လက်နက်ငယ် ထုတ် စက်ရုံ ဖြစ်ပါတယ်။ 

- ကပစ (၂၃) မှာ ဘယ် လက်နက်အမျိုးအစားထုတ်လဲ မသိရသေးဘဲ 

- ကပစ (၂၅) ကတော့ လုပ်ငန်း လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။ အဲဒီ တိုက်ခိုက်ခံရတဲ့ ကပစ စက်ရုံတွေ အားလုံးဟာ မကွေးတိုင်းထဲက ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှာ ရှိပါတယ်။ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း စစ်မျက်နှာသစ်ကို ဖွင့်လှစ် တိုက်ခိုက်မယ်လို့ ကာကွယ်ရေးဝန်ကြီးက မကြာသေးခင်က ပြောကြားသွားပြီး စစ်မျက်နှာသစ် အသက်ဝင်လာရင် ကပစ စက်ရုံတွေ ပေါ်တိုက်ခိုက်မှု တိုးပွားလာမှာဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်မှာ ကပစ စက်ရုံပေါင်း (၂၅) ရုံ ရှိပြီး (၁၆) ရုံဟာ ဧရာဝတီ မြစ်အနောက်ဘက်ကမ်းမှာ ရှိပါတယ်။


မြစ်အနောက်ဘက် စစ်မျက်နှာ အသက်ဝင်လာပြီဆိုရင် ရန်သူ့ လက်နက်စက်ရုံတွေ ကို ချေမှုန်းရေး၊ စက်ရုံတွေဆီကို သွားလာရတဲ့ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားလိုင်း၊ ရေပိုက်လိုင်း စတဲ့ အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်ရေး ပိုမို အသက်ဝင်လာမှာဖြစ်ပြီး ရန်သူ့ စစ်ယန္တရား လည်ပတ်ရေး လိုအပ်တဲ့ ခဲယမ်းတွေ လျှော့နည်းလာမှာဖြစ်ပါတယ်။ ရန်သူ အနေနဲ့လဲ စက်ရုံတွေကို ကာကွယ်ရေး တပ်ဖြန့်ထားမယ်ဆိုရင် ရှေ့တန်း နယ်မြေတွေမှာ တပ်အင်အားချထားရေးမှာ အားနည်းလာမှာ ဖြစ်ပါတယ်။ ဒါ့အတွက်ကြောင့် ရန်သူ့ လက်နက် စက်ရုံတွေကို တိုက်ခိုက်ရေးဟာ ခဲယမ်းရင်းမြစ်ကို ဖြတ်တောက်ရာလည်း ရောက်သလို ရန်သူ့ ရဲ့ တပ်အင်အားကို ဖြန့်ထုတ် နည်းပါးစေရေး၊ ဟာကွက်များ ပေါ်ထွက်လာစေရေး အတွက်လည်း အရေးပါပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...