Tuesday 15 August 2023

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘိုမသံတောင်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ သေနတ် ၉ လက် သိမ်းဆည်းရရှိ...


 နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘိုမသံတောင်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ သေနတ် ၉ လက် သိမ်းဆည်းရရှိ... 


စစ်တပ်ဘက်က သေဆုံးမှု များပြားပြီး  PDF ၃ ဦးကျဆုံး

++++++++++++++

ဩဂုတ် ၁၅ 


နေပြည်တော်ကောင်စီနယ်မြေနယ်၊ ပျဉ်းမနားမြို့နယ်၊ ဘိုမသံတောင်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သေနတ် ၉ လက်သိမ်းဆည်းရရှိပြီး အဲ့ဒီစခန်းသိမ်းတိုက်ပွဲ အပါအဝင် ၃ ရက် အတွင်း  စစ်သား ၅၀ ထက်မနည်း သေဆုံးခဲ့ကာ PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း PKS-PDF 1004 တပ်ရင်းရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 


ဩဂုတ်လ ၁၀ ရက် မနက် ၆ နာရီ ၄၉ မိနစ်ခန့် အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ ပျဉ်းမနားမြို့နယ်၊ ဘိုမသံတောင်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၄၁၁ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးပြီး ၃ ဦးမှာ စခန်းကနေ ထွက်ပြေးလွတ်မြောက်သွားသလို စခန်းသိမ်းပိုက်ပြီးနောက် မနက် ၉ နာရီနဲ့ ၁၀ နာရီကြား တပ်မ ၆၀၆ က စစ်ကူ တစ်စီး ဆင်းလာတာကြောင့် စစ်ကူကားကို လက်လုပ်မိုင်း၊ လက်နက်ငယ်များနဲ့ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တဲ့နောက် ပြန်ဆုတ်ပြေးသွားတယ်လို့ သိရပါတယ်။ 


“သတင်းအရတော့ အဲဒီစခန်းမှာက ၂၀ လောက်ရှိတာ၊ သွားတိုက်တဲ့အချိန်မှာ ၁၅ ဦးလောက်သေတာ တွေ့ရတယ်၊ ၃ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်၊ စခန်းသိမ်းပြီး ပြန်ဆုတ်လာတဲ့ အချိန်မှာ ကျနော်တို့ပြန်ပြီးတော့ တိုက်ခိုက်တယ်၊ ပြန်လည်ပစ်ခတ်မှုလုပ်သေးတာပေါ့၊ လုပ်တဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း ပြန်ပစ်တဲ့အချိန်မှာ တစ်ဦးထပ်ပြီးဒဏ်ရာရသွားတယ်၊ စခန်းသိမ်းတိုက်ပွဲမှာ ကျနော်တို့ဘက်က နှစ်ယောက်ကျဆုံးခဲ့တာ၊ ၄ ယောက်ဒဏ်ရာရတဲ့အထဲမှာမှ ၂ ယောက်က ပြင်းထန် ဒဏ်ရတယ်၊ တစ်ယောက်က စိုးရိမ်ဒဏ်ရာနဲ့ ပြန်လည်သယ်ဆောင်တဲ့အချိန်မှာပဲလမ်းမှာ ကျဆုံးခဲ့ရတာ” လို့ အလယ်ပိုင်း တိုင်း PKS-PDF 1004 တပ်ရင်းရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 


ဩဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့် စစ်ကူကားများ ထပ်မံဆင်းလာရာ နန်းနေဆန်း အကျော် ရှေ့ထွက် လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်အတိအကျ မသိရသလို ဩဂုတ်လ ၁၁ ရက် မနက် ၆ နာရီခန့်အချိန် ဒဏ်ရာရ PDF ရဲဘော်များကို ဘိုမမှာ ဆေးကုသနေချိန် စစ်တပ်က အင်အား ၃၅ ဦးနဲ့ စစ်ကြောင်းထိုးလာပြီးနောက် အကြမ်းဖက်စစ်တပ်နဲ့ PDF ရှေ့ ကင်းတပ်ဖွဲ့တို့ ထိတိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 


အလားတူ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်းအုပ်စု၊ တောင်မြင့်ရေပူတောင်နဲ့ တောင်မြင့်ရွာမကြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ၁ နာရီခန့် ထပ်မံတိုက်ပွဲဖြစ်ခဲ့ ရာ အကြမ်းဖက်စစ်သား ၁၀ ဦးမနည်းသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 


ဒါ့အပြင် ဘိုမသံတောင်စခန်းရှိ ဒဏ်ရာရ စစ်သားများနဲ့ တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်သားများကို ကားတစ်စီးပေါ်တင်ကာ သယ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဆိတ်ဖြူတောင်ရွာထိပ်အရောက် ရှေ့ထွက်မိုင်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျမသိရသေးဘူးလို့ သိရပါတယ်။ 


“တိုက်ပွဲဖြစ်နေရင်းနဲ့ပဲလူနာကို အဓိကဆွဲထုတ်လိုက်တဲ့အချိန်မှာ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်း အုပ်စု၊ တောင်မြင့်ရေပူတောင်နဲ့ တောင်မြင့်ရွာမကြားမှာ ကျနော်တို့ကို လမ်းကြောင်းပိတ်ပေးတဲ့ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေနဲ့ စစ်တပ်နဲ့ ၁ နာရီကျော်ကျော်လောက်ထပ်မံတိုက်ပွဲဖြစ်ခဲ့တယ်၊ အဲဒီမှာတွေ့လိုက်ရတာကတော့  စစ်သား ၁၀ ယောက်ထက်မနည်းကျဆုံးတယ်၊ ၁၀ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာတွေရရှိတယ်၊ ၁၁ ရက်နေ့ မှာ ပဲ တိုက်ပွဲ ၂ နှစ်ပွဲဖြစ်ပွားခဲ့တာ။ အဲဒီ ၁၁ ရက်နေ့မှာပဲ ဘိုမသံတောင်မှာရှိတဲ့ ဒဏ်ရာရတဲ့သူတွေရော၊ ကျနော်တို့ကြားဖြတ်တိုက်ခိုက်လိုက်လို့ ဒဏ်ရာတဲ့သူတွေရော အဲဒီလူနာတွေကို  ကားတစ်စီးနဲ့ တင်ဆင်းပြီး တော့မှ ဆိတ်ဖြူတောင်ရွာထိပ်နားလေးမှာ နောက်ထပ် ရှေ့ထွက်မိုင်းထပ်ဆွဲလိုက်တာ၊ အဲဒီမှာကတော့ ဘယ်နှစ်ဦးဒဏ်ရာတယ်၊ ဘယ်နှစ်ဦးသေဆုံးတယ်ဆိုတာ အတိအကျမသိလိုက်ဘူး၊” လို့ PKS-PDF 1004 တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 


ဩဂုတ်လ ၁၂ ရက်နေ့မှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဘိုမအုပ်စုဘက် အင်အား ၈၅ ဦးနဲ့ စစ်တပ်က စစ်ကြောင်းထပ်မံထိုးလာရာ ရေပူတောင်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီတိုက်ခိုက်မှုများကို PKS-PDF 1004 တပ်ရင်းနဲ့ သံတောင်မြောက်ပိုင်း အထူးဒေသ ၂ တပ်ဖွဲ့တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့တာမှာ အကြမ်းဖက်စစ်သား ၅၀ ဦးထက်မနည်း သေဆုံးပြီး ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို အကြမ်းဖက်စစ်သားများ အသုံးပြုတဲ့ သေနတ် ၉ လက်၊ လက်ပစ်ဗုံး၊ ကျည်ဘောက်၊ စကားပြော စက် နဲ့ ကျည်ဆံအချို့ သိမ်းဆည်း ရရှိခဲ့ပေမယ့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦး ကျ ဆုံး ပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာနဲ့ ၂ ဦးသာမန် ဒဏ်ရာ ရရှိခဲ့တယ်လို့ PKS-PDF 1004 တပ်ရင်းမှ သတင်းနှင့်ပြန် ကြား ရေးတာဝန်ခံက ပြောပါတယ်။ 


ဩဂုတ်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်များက ပျဥ်းမနားမြို့နယ်အရှေ့ဘက် ဘိုမအထက်ကျေးရွာကို ဗုံးကျဲချတာကြောင့် နေအိမ် အများအပြား ပျက်စီးသွားတယ်လို့ သိရပါတယ်။ 


ဓာတ်ပုံ - နေပြည်တော်၊ ပျဉ်းမနားမြိုနယ်၊ ဘိုမသံတောင် စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိမှုမှာ သေဆုံးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...