Friday 25 August 2023

စစ်အာဏာရှင် မကြာခင် ပြုတ်ကျတော့မည်ဟု ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘော ပြောဆို


 စစ်အာဏာရှင် မကြာခင် ပြုတ်ကျတော့မည်ဟု ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘော ပြောဆို


ရန်ကုန်၊ သြဂုတ် ၂၅


အကြမ်းဖက် စစ်အာဏာရှင် မကြာခင် ပြုတ်ကျတော့မည်ဟု ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက လက်ခတ်တောင် စစ်ရေး အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူလူထုထံသို့ သတင်းစကား ပြောကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။


"ပြည်သူလူထုကို ပြောချင်တာက ကျွန်တော်တို့ ပန်းတိုင်ကို မကြာခင် လျှောက်လှမ်းနိုင်တော့မယ်။ အာဏာရှင်သည် မကြာခင် ပြုတ်တော့မယ်ဆိုတဲ့ဟာကို ကျွန်တော်တို့အနေနဲ့ ရဲရဲကြီးပြောနိုင်တယ် ဘာလို့လည်းဆိုတော့ ဒီနေ့ ဒီအချိန်အထိ လူထုတွေက အခုအချိန်အထိ ဇွဲလုံ့လ သတ္တိတွေက လုံးဝ မလျှော့ဘဲနဲ့ တရှိန်ထိုးကို တိုးတက်တာကို တွေ့ရတယ်။ ဒါကြောင့် မကြာခင် အာဏာရှင်ပြုတ်မယ်ဆိုတာကို စစ်ရေးအရ သုံးသပ်ပြီးပြောနိုင်ပါတယ်" ဟု ကော်ဘရာစစ်ကြောင်းမှူ ဗိုလ်ဒါဘောက ပြောဆိုသည်။


လက်ရှိ စစ်ရေး အခြေအနေများသည် အားလုံးသိကြသည့် ၂ နှစ်ကျော် ကြာလာသည်နှင့် အမျှ စစ်ရေး အရှိန်အဟုန်မျ တစ်ချက်မှ မှေးမှိန်မသွားကြောင်း၊ တောက်လျှောက် ခံစစ်မှသည် ထိုးစစ်ဆင်နိုင်သည်အထိ လုပ်လာနိုင်ကြောင်း၊ လက်ရှိ အချိန်အထိ လက်ခတ်တောင်ကို ပြန်လည်ရရှိရန် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်း အသုံးပြုပြီး လက်နက်ကြီးများ၊ မစ်ဇိုင်းများ၊ လေကြောင်း တိုက်ခိုက်မှုများ အသုံးပြု၍ ပြန်လည် တိုက်ခိုက်နေသော်လည်း တော်လှန်ရေး ရဲဘော်များ၊ ပြည်သူ တစ်ယောက်ချင်းစီတိုင်း လက်မလျှော့သရွေ့ စစ်အာဏာရှင်သည် တော်လှန်ရေး တပ်ဖွဲ့များကို မယှဉ်နိုင်ကြောင်း ပြောကြားခဲ့သည်။


အကြမ်းဖက် စစ်တပ်က လက်ခတ်တောင်ကို ပြန်လည်ရရှိရေး ထိုးစစ်မှု ၁၀ ကြိမ်အထက်ရှိပြီး စစ်သားများ အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားရကာ ၁ လပြည့်သည်အထိ လက်ခတ်တောင်ကို စစ်တပ်က မကပ်နိုင်သေးကြောင်း သိရသည်။


ထို့ပြင် လူထုအားလုံးပါဝင်သည့် စစ်ဆင်ရေး ကမ်ပိန်း တစ်ခု ပြုလုပ်မည်ဖြစ်ပြီး ရှေ့တန်းရှိ ရဲဘော်များ ထိခိုက်မှု ကျဆုံးမှု နည်းပါးရန် ကျည်ကာနှင့် ခမောက်များကို ဖြည့်တင်းပေးခြင်းကြောင်း၊ စစ်ဆင်ရေး အများအပြားတွင် မထိခိုက်သင့်ဘဲ ထိခိုက်သည်များ တွေ့ရပြီး မကျဆုံးသင့်ဘဲ ကျဆုံးခြင်းများ တွေ့မြင်နေရကြောင်း၊ ရဲဘော်များ ကျည်ကာကြောင့် အသက်မဆုံးရှုံးရသည်ကို တွေ့ရပြီး ခမောက်ကြောင့် တိုက်ပွဲတွေ ကြားတွင် လက်နက်ကြီး ကျည်ဆ ထိမှန်ခြင်းမှ ကာကွယ်နိုင်ကြောင်း၊ လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် သွားချင်သည့် တရှိန်ထိုး စစ်ဆင်ရေးကို လုပ်ဆောင်နိုင်ရန် ဒုတိယအချက်အနေဖြင့် ဖြည့်တင်းသင့်သည့် လက်နက်ခဲယမ်းများကို ဖြည့်တင်းနိုင်ဖို့ရန် အဆိုပါ ကမ်ပိန်းကို ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...