Saturday 12 August 2023

နေပြည်တော်နဲ့ မိုင် (၁၀၀) အကွာက စစ်မြေပြင်


 နေပြည်တော်နဲ့ မိုင် (၁၀၀) အကွာက စစ်မြေပြင်

——————————————————————


၂၀၂၃ နှစ်ဝက်မှာ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ် ၊ ကျောက်ကြီးမြို့နယ်စတဲ့ ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းမှာ တိုက်ပွဲတွေ အဆက်မပြတ် ပိုလှုပ်ခတ်လာနေခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းအလိုက် ချေမှုန်းခံရတာတွေ များလာနေပါတယ်။


🔺 အခုနောက်ဆုံး ဩဂုတ် (၉ )ရက်နေ့က အောင်ပွဲဆင်နိုင်ခဲ့တဲ့ ကျောက်တံခါးမြို့နယ်၊သမင်အင်းကုန်းရွာအနီးက ၁၁ နာရီကြာ တိုက်ပွဲမှာဆိုရင် အင်အား (၆၀ )လာတဲ့ အကြမ်းဖက် စစ်ကြောင်းဟာ အယောက် ၃၀ ကျော်ထိ သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်မှ လက်နက်အများအပြားရခဲ့တာဖြစ်ပါတယ်။ 


🔺 ဒီသမင်အင်းကုန်းရွာမှာပဲ ဩဂုတ် ၃ ရက်နေ့မှာ စစ်ကြောင်းထိုးလာတာမို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး စကစ ၄ ဦးသေဆုံး ၄ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။


🔺 ဩဂုတ်လ ၅ ရက်နေ့မှာ ဖြူးမြို့နယ် အုတ်ဖြတ်ကျေးရွာအနီးရှိက စစ်တောင်းမြစ်ကူးတံတားကို ဖြတ်ဖို့ စောင့်နေတဲ့ စစ်ကြောင်းကို စနိုက်ပါနဲ့ စောင့်ပစ်ခတ်ပြီး (၁ )ဦးသေဆုံးခဲ့ပါတယ်။ 


🔺 ၄င်းအုတ်ဖြတ်ကျေးရွာမှာပဲ ဩဂုတ်လ ၈ ရက်နေ့က စစ်ကောင်စီ ရဲစခန်းအနောက်ဘက် လက်နက်ကြီးပစ်ကူနေရာကို ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ပြီး စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်)ဂိတ်ကို ၄၀ -မမ သုံးကာ တိုက်ခိုက်ခဲ့ပါတယ်။


🔺 ကျောက်တံခါးမြို့နယ် နံဇရွာတိုက်ပွဲတွေကလည်း ချန်ထားခဲ့လို့မရပါဘူး။ ဇူလိုင်လ ၁၉ ရက်နေ့မှာ အင်အား (၄၀၀ )ကျော်ပါတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကာ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်စစ်သား (၄၁ )ဦး သေဆုံး ၄၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။ 


🔺 နံဇကျေးရွာကိုပဲ ဇူလိုင် ၂၅ မှာ အကြမ်းဖက်စစ်အင်အား (၄၀ )ကျော်ပါတဲ့ ကားကြီး ၁ စီး၊ ဘေးတွဲ ၂ စီးရောက်လာတဲ့အချိန် မိုင်းဆွဲကာ အနီးကပ်ပစ်ခတ်မှုများဖြစ်ခဲ့တာမလို့ အထိနာပြီး ဇူလိုင် ၂၆ ရက်နေ့မှာ ပြန်ဆုတ်ခွါသွားပါတယ်။ ဖြစ်စဉ်အပြီး နယ်မြေရှင်းလင်းရာ  ဗိုလ်ကြီးအပါအဝင် ရန်သူတပ်သားအလောင်း ၇ လောင်းနဲ့ သေနတ် ၅ လက်ရရှိခဲ့ပါတယ်။ 


🔺 ကျောက်ကြီးမြို့နယ် ၊ပေါက်မြောင်းတံတားအနီးမှာ ဇူလိုင်လ ၂၄ ရက်နေ့က နောင်ကုန်းစစ်ကောင်စီဂိတ်စခန်းကို တက်လာတဲ့ အင်အား ၃၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ရာ အပြန်မှာ ၁၀ ယောက်ဝန်းကျင်သာ ပြန်ပါလာခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်အရ သိရပါတယ်။ 


ဒီလို တိုက်ပွဲတွေဖြစ်နေတဲ့ကာလမှာ ခလရ ၂၆၄ ၊ ခမရ ၃၀၇၊ ခမရ ၃၀၈ တပ်နဲ့ ကျောက်တံခါးမြို့ နဲ့ သူဌေးကုန်းရွာမှာ အထိုင်ချထားတဲ့ ရန်သူစစ်တပ်တို့က ပြည်သူနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေခဲ့ပါတယ်။ 

ဒါ့အပြင် ဇွန်လမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နတ်သံကွင်းမြို့တွင်းကိုလည်း စစ်ကောင်စီတပ်တွေက ပြန်လည်တပ်စွဲအခြေချဖို့ ဇူလိုင်လကုန်မှာ စာသင်ကျောင်းအချို့ကို ဖယ်ရွှေ့ခိုင်းခဲ့ပါတယ်။


ဒီလို ရန်သူ့စစ်ကြောင်းတွေကို တိုက်ခိုက်နေတာကတော့ KNLA ၊ PDF ပူးပေါင်းတပ်တွေဖြစ်ပြီး ကျောက်ကြီးမြို့နယ်ဟာဆိုရင် KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။ 


လက်ရှိထိ တိုက်ပွဲတွေရဲ့အခြေအနေကိုကြည့်မယ်ဆိုရင် ပဲခူးတိုင်းရှေ့ခြမ်းက ဒီမြို့နယ်တွေကို စစ်ကောင်စီတပ်ဟာ လက်လွှတ်မခံဘဲ အခါခါပြန်ပြီးစစ်ကြောင်းထိုးနေသလို တိုက်ပွဲဖြစ်တိုင်းလည်း အထိနာ-အင်အားပြုန်း-လက်နက်ဆုံး နေခဲ့တာ တွေ့နေရပါတယ်။ စစ်ကောင်စီရဲ့ နေပြည်တော် စစ်ဌာနချုပ် နဲ့ မိုင် ၁၀၀ ပတ်ချာလည်သာ ကွာဝေးတဲ့ မြေပြန့်ဒေသမြို့ကြီးတွေမှာတောင် ဒီလိုစစ်ရှုံးနေတာဟာ ရန်သူ့ရဲ့ လက်ရှိအခြေအနေကို မြင်သာနေစေခဲ့တာ ဖြစ်ပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်မှာလည်း ထိခိုက်ကျဆုံးမှုရှိနေပေမယ့် တိုက်ပွဲတွေထပ်ပြီး ပြင်းထန်လာနိုင်ချေရှိလို့ ကျောက်ကြီး-နတ်သံကွင်း ကားလမ်းပိုင်းကို ဇူလိုင်လ ၂၇ ရက်မှစပြီး အသုံးမပြုတော့ရန်၊ အနီးနားရွာတွေအနေနဲ့ ည ၆ - မနက် ၆ မသွားလာကြရန် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားခဲ့ပါတယ်။


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကလည်း ကျောက်တံခါးမြို့နယ်အတွင်းမှာရှိတဲ့ ဗောဓိကွင်း၊ နံဇ၊ သူဌေးကုန်း၊ တောင်ခင်၊ ရေတွင်းကုန်းစတဲ့ ကျေးရွာအုပ်စုက ပြည်သူတွေကို ည ၆နာရီ မနက် ၆ နာရီ အတွင်း မသွားလာကြဖို့၊ သမင်အင်းကုန်း-ကျောက်တံခါး၊ သမင်အင်းကုန်း-သူဌေးကုန်း ကားလမ်းမတွေပေါ် မသွားလာကြဖို့ အရေးပေါ်ထုတ်ပြန်ထားပါသေးတယ်။


ဒီထုတ်ပြန်ချက်တွေဟာ အခိုင်အမာ ဆက်လက်တိုက်ခိုက်သွားမယ့် သန္နိဌာန်ပဲဖြစ်ပြီး စစ်ကောင်စီအပေါ် ပဲခူးတိုင်း မြေပြန့်ဒေသရဲ့ ထိုးနှက်ချက်ကတော့ အရှိန်အဟုန်မြင့်လာခဲ့တာဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...