Sunday 1 October 2023

ပြည်သူ့စစ်များဖွဲ့စည်းခြင်း နှင့် စစ်တပ် အင်အား မလုံလောက်မှု


 ပြည်သူ့စစ်များဖွဲ့စည်းခြင်း နှင့် စစ်တပ် အင်အား မလုံလောက်မှု


မြန်မာတနိုင်ငံလုံး နီးပါးမှာ ခုခံတွန်းလှန်စစ်နဲ့ (၂) နှစ်ကျော် ရင်ဆိုင်ပြီးတဲ့နောက်မှာ စစ်တပ် အင်အားဟာ အလွန်အမင်း သေးကျုံ့သွားပြီး စစ်ဆင်တိုက်ခိုက်နိုင်စွမ်း သိသိသာသာ ကျဆင်းသွားပါတယ်။ အင်အား ထောင်ချီ ပါဝင်တဲ့ တပ်မ အလိုက် စစ်ဆင်နိုင်မှု မတွေ့ရတော့ဘဲ ၄၀၀-၅၀၀ အင်အားလောက်သာ ပါတဲ့ နည်းဗျူဟာ အဆင့် စစ်ဆင်မှုတွေကိုပဲ ကွက်ကြား ဆောင်ရွက်လာနိုင်ပါတယ်။ တိုက်ခိုက်ရေး တပ်တွေသာမက လက်ရုံးတပ်တွေ၊ နောက်တန်း တပ်တွေကိုပါ ထုတ်သုံးလာနေရပါတယ်။ အခုဆိုရင် စစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ် အင်အား သီးသန့်ဟာ ၇၀ ၀၀၀ လောက်ပဲ ကျန်တော့မယ်လို့ တွက်ယူထားကြပါတယ်။ တဖက်မှာ ပြည်သူ့ ကာကွယ်ရေးတပ်မတော် သီးသန့် အင်အားကို တပ်ရင်းပေါင်း ၃၀၀၊ ခန့်မှန်းခြေ အင်အား အနေနဲ့ ၇၅ ၀၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။ 


ဒီလို အင်အား လျှော့ပါးလာမှုတွေကို ကုစားနိုင်ဖို့ စစ်အာဏာရှင်တွေဟာ ပြည်သူ့စစ်တွေ၊ ပျူစောထီး လက်နက်ကိုင်တွေ၊ ဌာ‌နေပြည်သူ့စစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းလာပါတယ်။ သီအိုရီ ပိုင်း အရ ကြည့်ရင် နိုင်ငံတော် တရပ် အနေနဲ့ လိုအပ်ချက် အရ ပြည်သူ့စစ်တွေ၊ တည်ဆဲ အစိုးရ လိုလားတဲ့ ပြည်သူ့စစ်တွေကို ဖွဲ့စည်းလေ့ရှိတယ်လို့ Auxiliary Force Structure: Paramilitary Forces and Progovernment Militias စာတမ်းမှာ ဖော်ပြထားပါတယ်။ ပြည်သူ့စစ်တွေဟာ အစိုးရ တရပ်ရဲ့ ဖွဲ့စည်းပုံမှာ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး တည်ဆဲ အစိုးရ လိုလားတဲ့ ပြည်သူ့စစ်တွေကို တရားဝင်ဖွဲ့စည်းမှု မှာ ထည့်သွင်းထားခြင်းမရှိပါဘူး။ လက်ရှိ အကြမ်းဖက် စစ်အုပ်စုက ဖွဲ့စည်းနေတဲ့ ပျူစောထီးတွေရဲ့ အဖွဲ့စည်းပုံ နဲ့ ရပ်တည်ချက်ကို ရှင်းလင်းစွာ မသိရှိနိုင်သေးပေမယ့် စစ်တပ်က စုဖွဲ့၊ လက်နက်တပ်ဆင်ထားတာကတော့ သေချာပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ အမြဲတမ်းစစ်တပ်တွေဟာ ဥပဒေပိုင်း ငြိစွန်းမှာစိုးလို့ အကြမ်းဖက်မှုတွေ လုပ်ဆောင်လိုတဲ့အခါ ပြည်သူ့စစ်တွေ၊ တည်ဆဲ အစိုးရ လိုလားတဲ့ ပြည့်သူ့စစ်တွေ၊ အမြဲတမ်း မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့တွေကို ဖွဲ့စည်းထုတ်သုံးလေ့ရှိပါတယ်။ လက်ရှိ တော်လှန်ရေးကာလမှာဆိုရင် ပျူစောထီးတွေဟာ နေအိမ်မီးရှို့မှု နဲ့ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ ကြည့်ရင် ဒီ အချက် နဲ့ ကိုက်ညီနေတာကိုတွေ့ရပါတယ်။ မည်သို့ပင် ဆိုစေ မူလ ပင်မ အမိန့်ပေးသူဖြစ်တဲ့ အကြမ်းဖက် စစ်အုပ်စုကတော့ ဥပဒေကြောင်းအရ အရေးယူခံရနိုင်ခြေ ကနေ ကင်းလွတ်မှာတော့ မဟုတ်ပါဘူး။ စစ်တပ် အနေနဲ့ ပြည်သူ့စစ်၊ ဌာနေပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ဆိုပြီး စုဖွဲ့မှု ပုံစံမျိုးစုံ ရှိနေပါတယ်။


လက်ရှိ နွေဦးတော်လှန်ရေး ကာလမှာတော့ နယ်စပ်ဒေသတွေမှာသာမကဘဲ ရန်ကုန်တိုင်း၊ တောင်ငူ၊ ပြည် တို့လို နေရာတွေမှာပါ ပြည်သူ့စစ်တွေ ဖွဲ့စည်းလာတာ၊ လက်နက်တပ်ဆင်လာတာ၊ ပြည်သူ့စစ်ခေါင်းဆောင်တွေကို စစ်အာဏာရှင်တွေ ကိုယ်တိုင် သွားရောက်တွေ့ဆုံ စည်းရုံးလာတာကို တွေ့ရပါတယ်။ ဒါတွေဟာ ကျဆင်းလာတဲ့ စစ်အင်အား ကို ပြည်သူ့စစ်တွေ၊ ဒေသခံ လက်နက်ကိုင်တွေကို အသုံးချပြီး ဆေးမြီးတို နဲ့ ကုစားလာခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်း ကွမ်းခြံကုန်း နဲ့ တံတွေးမြို့နယ်တွေမှာ ပြည်သူ့စစ်တွေ ဖွဲ့စည်းထားရှိပါတယ်။ ပဲခူး တိုင်းက ပြည်သူ့ စစ်တွေကို စစ်တပ်က လက်နက်တပ်ဆင်ပေးနေပြီး ဘာသာရေး အစွန်းရောက် ဦးဝီရသူက အမျိုသားရေး အစွန်းရောက် မဘသ များကို အခြေခံပြီး စည်းရုံးလျက်ရှိပါတယ်။ ပြည် နဲ့ တောင်ငူ ဒေသတွေမှာ ပျူစောထီး တွေကို စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ စုစုပေါင်း လက်နက် ၂၀၀ တပ်ဆင်ပေးခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ဒုတိဘ ဗိုလ်ချုပ်ကြီး ဖုန်းမြတ် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ရှမ်းပြည်နယ် ကျောက်တလုံးကြီးမြို့မှာရှိတဲ့ PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီ ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သွားရောက် တွေ့ဆုံ စည်းရုံးလျက်ရှိပါတယ်။ ရှမ်းမြောက် ဒေသရှိ နမ့်ခမ်းမြို့မ၊ ပန်ဆေး၊ မန်ပန်၊ စိန်ကြော့၊ မုံးစီး၊ ထင်ပါကျိုင်း ပြည်သူ့စစ်ခေါင်း ဆောင် များကိုလည်း စစ်အာဏာရှင်ကိုယ်တိုင် တွေ့ဆုံခဲ့ပါတယ်။


ဒီလို တွေ့ဆုံမှုတွေကို ၂၀၂၃ ခုနစ်၊ စက်တင်ဘာလ တွင်း လုပ်ဆောင်လာတာ ဖြစ်ပြီး ထူးခြားမှု အနေနဲ့ အစဥ်အလာအားဖြင့် ပြည်သူ့စစ်ဖွဲ့စည်းမှု နည်းပါးသွားပြီ ဖြစ်တဲ့ ပြည်၊ တောင်ငူ၊ ရန်ကုန် တိုင်း မြို့နယ်တွေ ပါ ပါဝင်လာတာကို တွေ့ရပါတယ်။ ခုခံတော်လှန်စစ် ဟာ ဘယ်ဒေသတွေထိ ကို ရောက်လာပြီဆိုတာကို ဒီ ဒေသ တွေက ပြသနေပါတယ်။ စစ်တပ် အနေနဲ့ ပြည်သူ့ စစ် အားကို ယူဖို့ ကြိုးပမ်းနေပေမယ့်လဲ ပြည်သူ့စစ် နဲ့ ပျူစောထီး အများစုဟာ နိုင်ငံရေး ခံယူချက် ပြည့်ဝသူများ မဟုတ်ဘဲ ငွေကြေး၊ စီးပွားရေးမက်လုံး၊ ဘာသာရေး၊ လူမျိုးရေး မှိုင်း တွေကြောင့်၊ စစ်တပ် အမိန့်ကို မငြင်းဆန်နိုင်ခြင်း အကြောက်တရားကြောင့် ဝင်ရောက်လာမှု ဖြစ်ပါတယ်။ ဒီ့ အတွက် ပြည်သူ့စစ်တွေရဲ့ တိုက်စွမ်းရည် မရှိတာကို တွေ့ရပြီး တော်လှန်ရေး အဖွဲ့တွေရဲ့ လက်နက် ရရှိရေး ရေသောက်မြစ် တခု အဖြစ်သာ ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ အကြမ်းဖက် စစ်အုပ်စု အနေနဲ့ တပ် အင်အား မလုံလောက်မှုကို ပြည်သူ့စစ် ဖွဲ့စည်းခြင်းနဲ့ ကုစားဖို့ ကြိုးစားနေတာကို တွေ့နေပေမယ့်လဲ လူထု တရပ်လုံး ရဲ့ ဆန့်ကျင် တိုက်ခိုက်မှုကို ရင်ဆိုင်နေရတာကြောင့် စစ်တပ် ပြိုလဲမှုဟာ ဝေးတော့မှာ မဟုတ်ပါဘူး။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...