Thursday 26 October 2023

စစ်ကောင်စီကြောင့် နိုင်ငံ ပျက်စီးရာ ဦးတည်နေပြီး စစ်အာဏာရှင် ချေမှုန်းရေး တော်လှန်ရေးအဖွဲ့များအားလုံးနှင့်လက်တွဲမည်ဟု KIO ဥက္ကဋ္ဌ ကြေညာ


 စစ်ကောင်စီကြောင့် နိုင်ငံ ပျက်စီးရာ ဦးတည်နေပြီး စစ်အာဏာရှင် ချေမှုန်းရေး တော်လှန်ရေးအဖွဲ့များအားလုံးနှင့်လက်တွဲမည်ဟု KIO ဥက္ကဋ္ဌ ကြေညာ


■ လိုင်ဇာဌာနချုပ်ကို စစ်တပ်က ဝိုင်း၍ ပိတ်ဆို့ထားချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှု KIA က ဂုဏ်ပြု 


ရန်ကုန်၊ အောက်တိုဘာ ၂၅ 


အကြမ်းဖက် စစ်ကောင်စီကြောင့် နိုင်ငံပျက်စီးရာ ဦးတည်နေပြီး တစ်နိုင်ငံလုံး အကျပ်အတည်းများ ရင်ဆိုင်နေရပြီး စစ်အာဏာရှင် ချေမှုန်းရေး တော်လှန်ရေးအဖွဲ့များအားလုံးနှင့်လက်တွဲမည်ဟု KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောဆိုသည်။ 


ယနေ့ ကျရောက်သည့် KIO တည်ထောင်ခြင်း ၆၃ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင် KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ 


KIO သည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ပင်လုံကတိကဝတ်ကို အခြေခံသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေစ စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းကာ ကြိုးစားအားထုတ်နေကြောင်း ၊ စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံပျက်စီးရာသို့ ဦးတည်လာနေကြောင်း၊ စစ်တပ်က ပြည်သူများ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေသည့်အတွက် တစ်နိုင်ငံလုံးမှ စစ်ဘေးရှောင် ပြည်သူများ ဆင်းရဲဒုက္ခရောက်နေရကြောင်း ၊ အခြားတစ်ဖက်တွင်လည်း မြို့ရွာများတွင် ပြည်သူ့စစ်အဖွဲ့များကို စစ်တပ်က အတင်းအဓမ္မဖွဲ့စည်းနေခြင်းသည် ပြည်သူအချင်းချင်း ရန်ဖြစ်ခိုင်းစေသည့် လုပ်ရပ်ဖြစ်သောကြောင့် ပြည်သူများ ပါဝင်ခြင်းမရှိဘဲ နည်းလမ်းရှာ ရှောင်ရှားနိုင်အောင်ကြိုးစားကြရန် KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောဆိုသည်။ 


စစ်တပ်က သန်းခေါင်းစာရင်းကောက်ယူပြီး ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုသည် မှန်ကန်သည့် လုပ်ဆောင်မှုမဟုတ်ဘဲ လက်ရှိ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းလည်းမဟုတ်ကြောင်း KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လက ရှင်းပြသည်။ 


အလားတူ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လိုင်ဇာရှိ KIA ဌာနချုပ်ကို အကြမ်းဖက် စစ်တပ်က ဝိုင်း၍ ပိတ်ဆို့ထားချိိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် အတွက် ဂုဏ်ပြု မှတ်တမ်း တင်ကြောင်း KIA က အောက်တိုဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။


အကြမ်းဖက် စစ်တပ်သည် ကေအိုင်အေဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ရန် ရည်ရွယ်ချက်နှင့် နမ်ဆန်ယန်ဂွင်အတွင်းကို အင်အားတိုးချဲ့ လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကွပ်ကွဲမှုအောက် တပ်များနှင့် ၊ တပ်မ ၈၈ ကွပ်ကဲမှု အောက်တပ်များက ဝင်ရောက်ပစ်ခတ် အင်အားတိုးချဲ့ခဲ့ကြောင်း၊ တိုက်ပွဲဂွင် ပိုမိုကျယ်ပြန့်လာကာ ကေအိုင်အေက ခုခံစစ်ကို အဓိကထားလုပ်ဆောင်ခဲ့ရကြောင်းသိရသည်။


အဆိုပါ ခုခံစစ်ဆင်တိုက်ပွဲများအတွင်း အတူတကွ လက်တွဲ၍ စွန့်စားတိုက်ပွဲဝင်ခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိ အမှတ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးအဖွဲ့များတွင် ရက္ခိုင့်တပ်တော် AA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း)(ABSDF-NB) ၊ ချင်းအမျိုးသားတပ်မတော် (CNA)၊ ကူကီး အမျိုးသားတပ်မတော်(မြန်မာပြည်) (KNA-Burma) တို့ကို ပါဝင်ကြောင်း သိရှိရသည်။ 


ထို့ပြင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၏ ထုတ်ပြန်ချက်တွင် အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးတိုက်ပွဲတွင် အတူတကွလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန် KIA က ထပ်မံတိုက်တွန်းထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...