Tuesday 7 November 2023

၁၀၂၇ စစ်ဆင်ရေးအဖြစ် ကရင်နီဒေသမှ ထိုင်းနယ်စပ်မြို့ မယ်စဲ့ရှိ စစ်စခန်းနှစ်ခုကို ထပ်မံသိမ်းယူ


 ၁၀၂၇ စစ်ဆင်ရေးအဖြစ် ကရင်နီဒေသမှ ထိုင်းနယ်စပ်မြို့ မယ်စဲ့ရှိ စစ်စခန်းနှစ်ခုကို ထပ်မံသိမ်းယူ


အက်စတာဂျေ / Myanmar Now

 

မြန်မာ-ထိုင်းနယ်စပ်၊ ကယား (ကရင်နီ) ပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ၁၀၂၇ စစ်ဆင်ရေးအဖြစ် ယနေ့ (နိုဝင်ဘာ ၇) တွင် ကရင်နီတပ်ပေါင်းစုက သိမ်းယူလိုက်ကြောင်း သိရသည်။


မယ်စဲ့မြို့သည် နိုင်ငံအရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်တွင် တည်ရှိပြီး လူဦးရေ ၆,၀၀၀ ကျော် နေထိုင်သည်။ ပြီးခဲ့သည့် ဇွန်လမှစတင်ပြီး စစ်ကောင်စီတပ်များကို တိုက်ထုတ်ခဲ့ပြီးနောက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက မြို့ကို ထိန်းချုပ်ထားခြင်းဖြစ်သည်။


အဆိုပါ စခန်းနှစ်ခုမှာ နယ်ခြားစောင့်တပ် အပြင်ဘက်ရှိ စခန်းများဖြစ်ကြပြီး ယနေ့တိုက်ပွဲတွင် လက်နက်ခဲယမ်းများ သိမ်းယူရရှိကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF - ကလလတ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


“နယ်ခြားစောင့်စခန်းတော့ မရသေးဘူး။ အပြင်မှာရှိတဲ့ စခန်းတွေပါ” ဟု ၎င်းက ပြောသည်။


အဆိုပါ နယ်ခြားစောင့်စခန်းသည် စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၀၄ နယ်ခြားစောင့်စခန်းဖြစ်ပြီး ကလလတ၏ တပ်ရင်းအချို့ ပါဝင်ဖွဲ့စည်းထားသည်။


၂၀၂၃ ခုနှစ် ဇွန်လတွင် အဆိုပါစခန်းမှ ကလလတတပ်ဖွဲ့ဝင်များ စစ်ကောင်စီကို တော်လှန်ပုန်ကန်ကာ မိခင်တပ်ရင်းနှင့် ပြန်လည်ပူးပေါင်းခဲ့သည်။ ထိုစခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲကာ ရဟတ်ယာဉ်ဖြင့် လူ၊ လက်နက်ခဲယမ်း ချ၍ ပြန်လည်ရယူထားခြင်းဖြစ်သည်။


ဇွန်လ ၁၃ မှ ၂၄ ရက်နေ့အတွင်း ကလလတ ပါဝင်သည့် ကရင်နီတပ်ပေါင်းစုသည် မယ်စဲ့မြို့နယ်ရှိ စစ်တပ်စခန်း ၅ ခုနှင့် ရဲစခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပြီး ယနေ့အထိ စစ်ကောင်စီတပ်က ထိုစခန်းများကို ပြန်လည်ရယူနိုင်ခြင်းမရှိသေးပေ။


ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကို ဝန်းရံထောက်ခံကြောင်း ကရင်နီအခြေစိုက် တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF - ကလလတ) တို့က အသီးသီးထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးတွင် KNDF ကလည်း တပ်ရင်း ၆၀၆ အဖြစ် ပါဝင်တိုက်ခိုက်နေသည်။


#operation1027 #KNPLF #မယ်စဲ့

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...