Wednesday 6 December 2023

လောက်ကိုင် ဒကစနှင့် (၂)မိုင်သာဝေးသည့် ကိုးကန့် တာရင်တောင်ရှိ တပ်စခန်းလေးခုကို သိမ်းယူနိုင်ဟု MNDAA အသိပေး



 လောက်ကိုင် ဒကစနှင့် (၂)မိုင်သာဝေးသည့် ကိုးကန့် တာရင်တောင်ရှိ တပ်စခန်းလေးခုကို သိမ်းယူနိုင်ဟု MNDAA အသိပေး


▪️နေရာလေးခုရှိ စစ်ကောင်စီတပ်စခန်းများသာကျန်တော့ပြီး ကိုးကန့်ဒေသ 


▪️ပြန်လည်ထူထောင်ရေး အောင်မြင်တော့မည်ဟု ထုတ်ပြန်


ရန်ရန်/People’s Spring


ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)- လောက်ကိုင် ဒကစနှင့် (၂)မိုင်သာဝေးသည့်နေရာများ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။


ဒီဇင်ဘာ ၅ရက် MNDAAမှ ကိုးကန့်လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်၏ တောင်ဘက်ခြမ်းတွင် အရေးကြီးသော High Point တစ်ခုဖြစ်သည့် တာရင်တောင်နေရာကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်ဟု ဖော်ပြသည်။

 

တာရင်တောင်သည် စစ်ကောင်စီ၏ လောက်ကိုင်မီရှင့်ကုတ် ဒကစနေရာနှင့် တိုက်ရိုက်အကွာအဝေး(၂)မိုင်သာရှိပြီး လောက်ကိုင်မြို့ကိုတိုက်ရိုက်ရှုမြင်နိုင်ကြောင်း ထုတ်ပြန်သည်။


အဆိုပါ တာရင်တောင်ကို ဒီဇင်ဘာ ၃ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အကြာ ပြင်းပြင်းထန်ထန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၅ ရက်တွင် ၎င်းစခန်းကို စစ်ဆင်ရေးအထွေထွေ စတင်ဖော်ဆောင်လာခဲ့ကြောင်း၊ ဒီဇင်ဘာ ၅ရက် နံနက်တွင် တာရင်တောင်ကို ဦးစွာလက်နက်ကြီးဖြင့် (၅)နာရီအကြာပစ်ခတ်တိုက်ခိုက်ပြီး နေ့လည်ပိုင်းတွင် ခြေလျင်ဖြင့် ထိုးစစ်ဆင်ခဲ့ရာ ယမန်နေ့တွင် စခန်း ၃ခုရရှိပြီး တာရင်တောင်တစ်ခုလုံးနီးပါးထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ယနေ့ (ဒီဇင်ဘာ ၆ရက်) နံနက်တွင် အမှတ်(၄) စခန်းကို သိမ်းပိုက်ကာ တာရင်တောင်ကိုအပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAAက ကြေညာသည်။


ရက်ပေါင်းများစွာ စစ်ဆင်မှုအောက်တွင် စစ်ကောင်စီအဖွဲ့ဝင် အနည်းဆုံး ၁၁ဦးစစ်သုံ့ပန်အဖြစ် ဖမ်းဆီးရရှိပြီး ၎င်းတို့ထဲတွင် သက်ကြီးရွယ်အိုသော ဒဏ်ရာရှိသောစစ်သားများပါဝင်ကြောင်း၊ စစ်ကောင်စီမှ အင်အားလွန်စွာချို့ယွင်းလာသည်ကို တွေ့ရကြောင်း၊ ယနေ့ ဖမ်းဆီးရရှိသော စစ်သုံ့ပန်းအများစုသည် တိုက်ချင်ခိုက်ချင်စိတ် လုံး၀မရှိတော့သည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

 

တာရင်တောင်ကိုသိမ်းပိုက်ခဲ့သည်နှင့်အမျှ လက်ရှိလောက်ကိုင်မြို့၏ တောင်ဘက်ခြမ်းတွင် စစ်ကောင်စီမှ တပ်စွဲထားသော High Pointနေရာများမရှိတော့ဟု အသိပေးသည်။ ကိုးကန့်ဒေသတွင်းရှိ မီရှင့်ကုတ် ၊ နန်ထင်မိန် ၊ ရန်လုံကျိုင့် နှင့် တာရွှေထန် စသည့်တပ်စခန်းများသာ ကျန်ရှိတော့သည်ဟု ဆိုသည်။ ထို့ကြောင့် MNDAA သည် ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးသည် အောင်မြင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။


MNDAA နှင့် မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ရက်တွင် စတင်ခဲ့ရာ ၁လကျော်အတွင်း စစ်ကောင်စီတပ်စခန်း ၂၈၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။


(ကိုးကန့်နယ် တာရင်တောင်ရှိ စခန်းလေးခုကို MNDAA သိမ်းယူပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...