Sunday 17 December 2023

နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး TNLA ရှင်းလင်းသိမ်းပိုက်




 နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး TNLA ရှင်းလင်းသိမ်းပိုက် 


▪️ဟောင်ဝစ်ဇာအမြောက် ၄လက်နှင့် လက်နက်မျိုးစုံများစွာရ ၊စစ်သားအလောင်း၆၀ကျော်တွေ့ပြီး ၃၀ဦးအရှင်ဖမ်းမိ


ဝင်းမောင်/People’s Spring


ရှမ်းမြောက် နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့‌ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။


နမ့်ဆန်မြို့သိမ်းတိုက်ပွဲကို TNLAက ဒီဇင်ဘာ ၁၀ရက်တွင် စတင်ဆင်နွှဲခဲ့ရာ ၆ရက်အကြာ ဒီဇင်ဘာ ၁၅ရက်တွင် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်း၌ အလုံးစုံ ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။


စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူအကြိမ်များစွာ ပြုလုပ်နေသည့်ကြားမှ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ အလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း (၆၄) ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။

   

နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းသည် ပခုက္ကူ အခြေစိုက် တပ်မ-၁၀၁နှင့် လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၅၈ မှ လာရောက်ထိုးစစ်ဆင်စခန်းချသည့် တပ်စခန်းဖြစ်ပြီး၊ တပ်မတော်၏ ထောက်ပို့တပ်ဖြစ်သည့် အမှတ်(၆၂၆/၉၂၉) အခြေချသည့် မြို့လည်း ဖြစ်သည်ဟု ဖော်ပြသည်။ 


စစ်ကောင်စီ၏ နမ့်ဆန်တပ်စခန်းကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ မန်တုံ ခလရ-၁၃၀ တပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများစွာနှင့် လေကြောင်းဖြင့် Mi35 (၁)ကြိမ်၊ ART-42 (၅)ကြိမ်၊ Jet Fighter (၁၉)ကြိမ်၊ Y12 လေယာဉ် (၅)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

 

စစ်ကောင်စီ နမ့်ဆန်တပ်စခန်းကို TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ကို ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ဆန်ဒေသခံ (၃)ဦး သေဆုံးခဲ့သည်ဟုဆိုသည်။


ထို့ပြင် ဘာသာရေးအဆောက်အဦးဖြစ်သည့် ပတ္တမြားစေတီရှိ ဘုရားများ လေယာဉ်ဗုံးစ၊ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခြင်း နမ့်ဆန်မြို့မဂိုဏ်းချုပ်ကျောင်း လေယာဉ် ဗုံးစ ထိမှန် ပျက်စီးခြင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်းဆောင် လေယာဉ်ဗုံးထိမှန်မီးလောင်ခြင်း၊ လူနေအိမ် (၄၀)ကျော် လေယာဉ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် (၁၄) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။


နမ့်ဆန်မြို့နယ်သည် တအာင်းစော်ဘွားများအဆက်ဆက် နောက်ဆုံး စော်ဘွားစဝ်ခွန်ပန်းစိန် ၁၉၅၉ မတ်လ ၂ ရက် အာဏာသိမ်းခံရသည်အထိ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့သည့် (Taung Paing State ) နန်းစိုက်ရာမြို့တစ်မြို့ဖြစ်ကြောင်း ဖော်ပြသည်။


နှစ်ပေါင်း ( ၆၄)နှစ်ကြာ အာဏာရှင်၏ အုပ်ချုပ်အောက်တွင် ကျရောက်ခဲ့သော နမ့်ဆန်မြို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃နာရီခွဲတွင် အာဏာရှင်စစ်ကောင်စီထံမှ အလုံးစုံ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ၂၇၁၅ ခုနှစ် တအာင်းနှစ်သစ်တွင် မူလပိုင်ရှင် တအာင်းပြည်သူတို့၏ လက်ဝယ်ထံ ပြန်လည်အပ်နှံ ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


(နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးက TNLA တိုက်ခိုက်ရှင်းလင်းပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...