Sunday 17 December 2023

နမ့်ဆန်မြို့တွင် စစ်ကူများနှင့် စစ်ကြောင်းများကို ကွပ်ကဲရန် စေလွှတ်ခံခဲ့ရသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေ


 နမ့်ဆန်မြို့တွင် စစ်ကူများနှင့် စစ်ကြောင်းများကို ကွပ်ကဲရန် စေလွှတ်ခံခဲ့ရသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေ


ရန်ကုန်၊ ဒီဇင်ဘာ ၁၇ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA တပ်များက သိမ်းပိုက်ပြီးနောက် စစ်ဗျူဟာကုန်းတွင် စစ်ကူများ အပါအဝင် စစ်ကြောင်းများကို အထိုင်ချ ကွပ်ကဲနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း နေပြည်တော်၊စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။ 


ဒီဇင်ဘာလ ၁၅ ရက်နေ့ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကို TNLA က သိမ်းပိုက်ပြီးနောက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး အပါအဝင် စစ်အရာရှိကြီးများ၊ ရဲအရာရှိကြီးများနှင့်စစ်ကြောင်းတချို့ပါ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်၍ နမ့်ဆန်မြို့နယ်အတွင်းတွင် ထိတွေ့ ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း၊ ယင်းနောက် ဒီဇင်ဘာလ ၉ ရက်နေ့မှစတင်၍ နေ့စဉ် တိုက်ပွဲများဖြစ်ပွားကာ ဒီဇင်ဘာလ ၁၀ ရက်နေ့ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာရှိ စစ်တပ်၏ ကဒိုင်းဖူးတောင်တပ်စခန်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ လွယ်ဆိုင်တပ်စခန်းနှင့် နမ့်ဆန်မြို့မရဲစခန်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကွန်မန်ဒိုကုန်း စသည်ဖြင့် သာလွန်အင်အားဖြင့် တိုက်ခိုက်ခံရသဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကူစစ်ကြောင်းတချို့ကို ရဟတ်ယာဉ်ဖြင့် ချထားပေးခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်၍ နမ့်ဆန်မြို့၏ အဓိက စစ်တပ်စခန်းဖြစ်သော ဗျူဟာကုန်း စခန်း အပြင်းအထန်တိုက်ခိုက်ခံရကြောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် နမ့်ဆန် ဗျူဟာကုန်းစစ်စခန်းနှင့်ပါ အဆက်အသွယ်များ ပြတ်တောက်သွားကြောင်း သိရှိရသည်။ 


လက်ရှိတွင် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ်၊ နမ့်ဆန်မြို့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူး ထွန်းစိုးသိန်း၊ ရဲမှူး နေဝင်းထွန်း၊ နမ့်ဆန်မြို့စောင့်တပ် ခလရ ၂၅၄ မှ ဗိုလ်မှူး/ဗိုလ်ကြီး ကျော်သူထွေး၊ နမ့်ဆန်ဗျူဟာမှူး ၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများ အဆက်အသွယ် မရဘဲ ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း၊ စစ်အရာရှိ၊ ရဲအရာရှိနှင့် စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များအားလုံးပါ အဆက်အသွယ်မရတော့ကြောင်း သိရှိရသည်။ 


" တမခ ၁၀၁ က (အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်) က ကက(ကြည်း) လက်အောက်ခံ ခြေမြန်တပ်မဌာနချုပ်ပါ။ မကွေးတိုင်း၊ ပခုက္ကူမြို့မှာရှိတာကို ရဟတ်ယာဉ်တွေနဲ့ နမ့်ဆန်ကို စစ်ကူပေးပို့ခဲ့တာပါ။ တပ်မမှူးပါ နမ့်ဆန်ဗျူဟာကုန်းမှာ ထိုင်ပြီး ကွပ်ကဲတာမှာ ဗျူဟာကုန်းကျတော့ တပ်မမှူးပါ အဆက်အသွယ် ပြတ်တောက်နေတာပါ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ 


လက်ရှိတွင် ပျောက်ဆုံးနေသော တမခ ၁၀၁ တပ်မမှူး အပါအဝင် စစ်အရာရှိကြီးများ၊ ရဲအရာရှိကြီးများကို အဆက်အသွယ်ရရှိစေရန် စစ်ကောင်စီက ကြိုးစားနေသော်လည်း လက်ရှိ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ လုံး၀ အဆက် အသွယ်မရရှိဟု သိရှိရသည်။ 


ဓာတ်ပုံ- ဒီဇင်ဘာလ ၁၃ ရက်နေ့ တိုက်ပွဲတွင် နမ့်ဆန်တွင် သေဆုံးနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ စစ်သားများ။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...