Tuesday, 19 December 2023

နမ့်ခမ်းမြို့ကို TNLA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်


 နမ့်ခမ်းမြို့ကို TNLA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်


နမ့်ခမ်း - ဒီဇင်ဘာ ၁၉၊ ၂၀၂၃။


နမ့်ခမ်းမြို့နယ်တွင် တစ်ခုတည်းကျန်ရှိနေသည့် စစ်ကောင်စီစခန်းသစ်ဗျူဟာကုန်းကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယမန်နေ့ညက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။


စခန်းသစ်ဗျူဟာကုန်းကို ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခဲ့ပြီး ယမန့်နေ့ည ၁၁ နာရီခန့်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။


“တိုက်နေတာတစ်လခွဲလောက်ရှိပါပြီ၊ ဒီဘက်မှာစစ်ဆင်ရေး စစဝင်ကတည်းက တိုက်ခိုက်နေတာဟုတ်ပါတယ်။ ညတိုက်ပွဲဖြစ်နေတဲ့ အချိန်အတွင်းတော့ လေကြောင်းလာတာ မတွေ့မိဘူး၊ အပြန်လှန်တိုက်ပွဲနဲ့ လက်နက်ကြီးတွေ ပစ်တာပါ။ အဲ့စခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်တာလားတော့ သေချာမသိပါဘူး” ဟုပြောသည်။ 


နမ့်ခမ်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိစခန်းသိမ်းပိုက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။


စစ်ကောင်စီတပ်က အဆိုပါ စခန်းသစ်ဗျူဟာကုန်း မကျဆုံးရေးအတွက် လေကြောင်းတိုက်ခိုက်မှု ၂၅၀ ကျော် ပြုလုပ်ခဲ့ပြီး ဓာတုအဆိပ်ငွေ့ဗုံးများလည်း အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု တအောင်းလွတ်မြောက်ရေးတပ် (TNLA) ယခင်ထုတ်ပြန်ချက်များတွင် ဖော်ပြခဲ့သည်။


လက်ရှိအချိန်တွင်လည်း တအောင်းလွတ်မြောက်ရေးတပ် (TNLA)က မန်တုံမြို့နှင့် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရသည်။ 


သတင်း - Dureng

ဓါတ်ပုံ - (နန့်ခမ်းမြို စခန်းသစ်ကုန်းကိုသိမ်းပိုက်ပြီးနောက် နမ်ခမ်းမြိုလယ်တွင် TNLA အလံလွှင့်ထူထားသည်ကိုမြင်ရပုံ) Today news media telegram channel

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...