Saturday 23 December 2023

မန်တုံ ခလရ(၁၃၀)တပ်စခန်းအတွင်းTNLA ဝင်ရောက်နိုင်ပြီဟု အတည်ပြု


 မန်တုံ ခလရ(၁၃၀)တပ်စခန်းအတွင်းTNLA ဝင်ရောက်နိုင်ပြီဟု အတည်ပြု


▪︎ခလရ(၁၃၀) ကို ရှင်းလင်းသိမ်းပိုက်နိုင်ပါက မန်တုံမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်မည်ဖြစ်


▪︎"ဒီနေ့မှစ၍ မန်တုံမြို့နာမည်သည်မူလနာမည်ဖြစ်သော ရူကော(Rukaw)နာမည်ဖြင့်စတင်သုံးသွားရန် မေတ္တာရပ်ခံအပ်သည်"-TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျား


သက်ဝေ/People’s Spring


ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ စစ်ကောင်စီတပ် ခလရ(၁၃၀) ကို သိမ်းပိုက်ရရှိရေး တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် စခန်းအတွင်း ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင်တစ်ဦးက အတည်ပြုသည်။


မန်တုံမြို့သိမ်းပိုက်နိုင်ရေး TNLAက ထိုးစစ်ဆင်လျက်ရှိရာ ခလရ (၁၃၀) စခန်းတစ်ခုသာ ကျန်နေခြင်းဖြစ်သည်။ ယင်းစခန်း မကျဆုံးရေး စစ်ကောင်စီက လေကြောင်း ၊ လက်နက်ကြီး ပစ်ကူအများအပြားသုံးခုခံနေသည့်ကြားမှ ယမန်နေ့ညတွင် TNLAက သိမ်းပိုက်နိုင်ကြောင်း သတင်းများအပေါ် TNLA ခေါင်းဆောင်က ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။


“တပ်စခန်းထဲတော့ ဝင်ပါပြီ။ အားလုံးမရှင်းရသေးဘူး” ဟု TNLA ခေါင်းဆောင်တစ်ဦးက ပြောသည်။


TNLAက ယမန်နေ့ညပိုင်းတွင် မန်တုံတိုက်ပွဲ သတင်းကို ဖော်ပြထားရာ စစ်ကောင်စီက ဒီဇင်ဘာ ၂၂ရက်တွင် မန်တုံမြို့ အနီးတဝိုက်သို့ တိုက်လေယာဉ်ဖြင့် ၁၃ကြိမ်၊ Y12 လေယာဉ်ဖြင့် ၄၈ကြိမ် ဗုံး ၂၅၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။


 ထို့ပြင် မန်တုံမြို့နယ် စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းမှ မန်ဖန်ကျေးရွာ၊ စစ်ရှောင်စခန်း၊ ရောကျိန်းကျေးရွာ၊ နမ္မတူလမ်းခွဲသို့ လက်နက်ကြီးဖြင့် (၃၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ယမန်နေ့တွင် မန်တုံတပ်စခန်းသို့ လက်နက်ခဲယမ်းများ ရဟတ်ယာဉ်ဖြင့် ၁ကြိမ် လေထီးအသုံးပြု ချပေးခဲ့သည်ဟုဆိုသည်။


ယမန်နေ့ မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သော နေရာများမှာ မန်တုံရဲစခန်း၊ ပြည်သူစစ်စခန်း၊ လောက်ကျယ်အနီးတဝိုက်၊ နွားသတ်ကုန်း၊ ဒုက္ခသည်စခန်းအနီးတဝိုက် နှင့် ပန်နင်ကျေးရွာလမ်းခွဲ နေရာများဖြစ်ကြောင်း၊ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များစွာ လေယာဉ်ဗုံးစ ထိမှန် ပျက်စီးခဲ့ရကြောင်း အသိပေးသည်။

 

TNLA အနေဖြင့် ရှမ်းမြောက်ရှိ နမ့်ဆန်နှင့် နမ့်ခမ်းမြို့များကို ဒီဇင်ဘာ တတိယပတ်အတွင်း အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ယခု ခလရ(၁၃၀) တပ်စခန်းကို ရှင်းလင်းပြီးပါက မန်တုံမြို့ကိုလည်း အလုံးစုံ သိမ်းပိုက်နိုင်ပြီ ဖြစ်သည်။


TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျားက“ဒီနေ့မှစ၍ မန်တုံမြို့နာမည်သည်မူလနာမည်ဖြစ်သော ရူကော(Rukaw)

နာမည်ဖြင့်စတင်သုံးသွားရန် မေတ္တာရပ်ခံအပ်သည်” ဟု ယနေ့မနက်တွင် လူမှုကွန်ရက်၌ ရေးသားသည်။ 


၂၀၀၅ ခုနှစ် ဧပြီ ၂၉ရက် မှသည် ၂၀၂၃ ရက်နေ့အထိ ၁၈နှစ်ကြာခဲ့သည့် ရူကောမြေအတွက် ကြေကွဲခဲ့သမျှ ဆွေးမြေ့ခဲ့သမျှ အသစ်တဖန် ပြန်လည်မွေးဖွားလာပြီဟုလည်း ဒုဥက္ကဋ္ဌက ရေးသားထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...