Friday 22 December 2023

အာဏာသိမ်းစစ်တပ် ယုတ်မာခဲ့တဲ့ သွေးကြွေးမှာ ဆွေးနွေးစရာ ရှိပါ့မလား


 အာဏာသိမ်းစစ်တပ် ယုတ်မာခဲ့တဲ့ သွေးကြွေးမှာ ဆွေးနွေးစရာ ရှိပါ့မလား


By လမ်းသစ်


မြန်မာ့နွေဦးအောင်ပွဲဆီ ချီတက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးထဲကို မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ ပါဝင်လာခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးဟာ အချိုးအကွေ့ကောင်း တစ်ခုဖြစ်သလို အားလုံးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ 


၁ဝ၂၇ စစ်ဆင်ရေး တစ်လခွဲကျော် ကြာလာချိန်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ ရာနဲ့ချီ သိမ်းပိုက်ခံလိုက်ရပြီး စစ်ကောင်စီတပ်သားတွေ တပ်ရင်းလိုက် လက်နက်ချတာ၊ အလံဖြူထောင်တာတွေဟာ ထမင်းစားရေသောက် အလေ့အထတစ်ခုလို ဖြစ်လာပါတယ်။


မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း စစ်ကောင်စီတပ်သားတွေ အနေနဲ့ အသက်မသေချင်ရင် ပြည်သူ့ရင်ခွင်ဝင်ကြဖို့ တိုက်တွန်းနေပါတယ်။ 


ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် လက်နက်ကိုင်တော်လှန်ရေး အသာစီးရသွားပြီလို့ ယုံကြည်နေကြသူတွေရှိသလို ဒီအချိန်ဟာ လူမျိုးစုလက်နက်ကိုင် တပ်တွေအတွက် အခွင့်အခါကောင်း ဖြစ်တယ်လို့လည်း ယူဆမှုတွေ ရှိနေပါတယ်။


ပြည်တွင်းမှာ သေနတ်ခါးကြားထိုးပြီး လူမိုက်လုပ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်သူတွေရဲ့ စုပေါင်းတော်လှန်စစ်နဲ့ ရင်ဆိုင်လာရချိန်မှာတော့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေအတွက် ကြားဝင်စေ့စပ်ပေးဖို့ တရုတ်အစိုးရဆီ ခြေသလုံးဖက် သွားရောက်အကူအညီ တောင်းရပါတော့တယ်။


တစ်ချိန်က ပြည်တွင်းရေးကို ဝင်စွက်ဖက်တာ မကြိုက်ဘူးဆိုတဲ့ မြန်မာစစ်တပ်ဟာ အခုတော့ ကူပါကယ်ပါ အော်နေရပါပြီ။ ဒီလိုမျိုးအကူအညီ တောင်းရတယ်ဆိုတာဟာ လက်ရှိအခြေအနေတွေကို သူတို့အနေနဲ့ စစ်ရေးနည်းနဲ့ ပြန်လည်တုန့်ပြန်နိုင်ဖို့ ယုံကြည်ချက် မရှိဘူးဆိုတာကို ကောင်းကောင်းကြီး ပြသနေတာပါပဲ။


တရုတ်ရဲ့ စေ့စပ်ပေးမှုကြောင့် အကြမ်းဖက်စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေ တကယ်လည်း တွေ့ဆုံနိုင်ခဲ့ပါတယ်။ ဆွေးနွေးမှုမှာ စစ်ရေးအရှိန်လျှော့ဖို့၊ နယ်စပ်ကုန်သွယ်ရေးပြန်စဖို့နဲ့ စစ်မျက်နှာပြင် မချဲ့ဖို့ စစ်ကောင်စီဘက်က ဆွေးနွေးခဲ့တယ်လို့လည်း ကြားသိရပါတယ်။


ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ရခဲ့သလို ရှမ်းမြောက်ဒေသမှာ ပဋိပက္ခတွေ သိသိသာသာလျော့လာတယ်လို့ တရုတ်ဘက်က ပြောထားပေမယ့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့ကတော့ မြန်မာပြည်သူတွေအားလုံး မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေး ရည်မှန်းချက်ကို လျစ်လျူမရှုဘူး၊ နောက်ကြောင်းပြန်မလှည့်ဘူးလို့ ပြတ်ပြတ်သားသား ထုတ်ပြန်ထားပါတယ်။


အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ ၁ဝ၂၇ စစ်ဆင်ရေးကြောင့် စစ်ရေးတင်းမာနေတဲ့ လားရှိုးမြို့ကို တစ်ယောက်ပြီးတစ်ယောက် သွားပြီး သူတို့တပ်သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လက်နက်ချဖို့ လက်ယဉ်နေတဲ့ တပ်သားတွေကို သွားရောက် စိတ်ဓာတ်မြှင့်တင်ပေးနေဟန် တူပါတယ်။


အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ပြီး နယ်မြေတည်ငြိမ်အေးချမ်းအောင် အမြန်ဆုံးလုပ်ပေးမယ်လို့ ပြောခဲ့တဲ့ လားရှိုးဟာ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ရေးကိစ္စတွေ ကိုင်တွယ်တဲ့ စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာလည်း ဖြစ်ပါတယ်။


ရှမ်းမြောက်တိုက်ပွဲတွေကြား တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ပတ်သက်လို့ ယူဆမှုတွေ အမျိုးမျိုး ရှိနေပါတယ်။ တရုတ်အနေနဲ့ သူတို့နဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတစ်လျှောက်မှာ တိုက်ပွဲတွေကြောင့် သူတို့ဆီ ဖိတ်စင်လာတာမျိုး မလိုလားတာကြောင့် ဖြစ်နိုင်သလို၊ မြန်မာပြည်တွင်းမှာရှိတဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အာမခံချက် ရချင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။


လက်ရှိ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေ ၁ဝ၂၇ စစ်ဆင်ရေး ဖော်ဆောင်နေတဲ့ နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုန်းကိုး၊ လောက်ကိုင်နဲ့ ချင်းရွှေဟော်တို့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။


လက်နက်ကိုင်တော်လှန်ရေးကို ချေမှုန်းပစ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက် မရှိတော့တဲ့ အကြမ်းဖက် စစ်ကောင်စီကို တရုတ်ဘက်ကလည်း သူတို့အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မယ့် ခိုင်မာတဲ့မိတ်ဖက် ဟုတ်ပါ့မလားလို့ သံသယဖြစ်လာပါပြီ။ 


ဒီလိုအခြေအနေမှာတော့ အာဏာသိမ်းစစ်အုပ်စုက ရှမ်းမြောက် စစ်ဆင်ရေးနဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲတွေဟာ တရုတ်အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးနဲ့ လှည့်ပြီး ရန်တိုက်ပေးလေ့ ရှိပါတယ်။


တကယ်တမ်း ၁ဝ၂၇ စစ်ဆင်ရေးဟာ အာဏာရှင် ဖြုတ်ချရေး စစ်ဆင်ရေးတစ်ခု ဖြစ်သလို၊ တစ်ဖက်မှာလည်း ဒီစစ်ဆင်ရေးဟာ တရုတ်အစိုးရက မလိုလားတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ကျားဖြန့်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကို နှိမ်နင်းနေတာဖြစ်ပြီး၊ ဒီအွန်လိုင်းလိမ်လည်မှုဒဏ်ကို ခံစားနေရတဲ့ လူကုန်ကူးခံ ပြည်သူတွေအတွက် စိတ်မအေးဖြစ်နေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေအတွက်လည်း စိတ်သက်သာရာ ရောက်စေမှာလည်း ဖြစ်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ကတော့ ကျားဖြန့်လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်လို့ တရုတ်က ဖမ်းထားတဲ့ ဖူလိုက်ပိုင်ရှင် ဦးလီကျိန်းချန် (ခ) ဦးလျှိုအားပေါက်ကို ၂ဝ၂၁ ခုနှစ်မှာ ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့တာ မဟုတ်ပါလား။ 


ဒါ့အပြင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုဟာ ကျားဖြန့်လုပ်ငန်း ဦးဆောင်နေသူ ပြည်သူ့စစ်ခေါင်းဆောင် တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံသားပေးပြီး ကြံ့ခိုင်‌ရေးပါတီဝင်အဖြစ် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်စေခြင်းဖြင့် နိုင်ငံကိုလည်း အကြီးအကျယ် သစ္စာဖောက်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ 


နွေဦးတော်လှန်ရေးကို အရှိန်မြှင့်ပေးတဲ့ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကြားဝင်ပေးခဲ့တဲ့ တရုတ်က မြန်မာပြည်ရဲ့ ပြဿနာကိုဖြေရှင်းဖို့ အဓိက သော့ချက်ဟာ မြန်မာပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ပြောပေမယ့် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့အညီ ညှိနှိုင်းပြီး ဖြေရှင်းကြဖို့ ပြောဆိုလေ့ရှိခဲ့ပါတယ်။


တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုနဲ့ မြန်မာတော်လှန်ရေး အင်အားစုတွေရဲ့ သဘောထားဟာ အပြန်အလှန် အရေးကြီးတဲ့အချက် ဖြစ်သလို၊ ဒါနဲ့ပတ်သက်ပြီး လူထုတော်လှန်ရေးအဖွဲ့ပေါင်း ၂ဝဝ ကျော်က သမ္မတ ရှီကျင့်ဖျင် အပါအဝင် တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေဆီ အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။


အာဏာသိမ်းမှု စတင်လိုက်ကတည်းက ပြည်သူတွေ အပြီးတိုင် ဖျက်သိမ်းလိုက်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ မြန်မာ့နိုင်ငံရေးပြဿနာရဲ့ အဖြေမဟုတ်သလို အာဏာရှင်အလိုကျ ဒီဖွဲ့စည်းပုံအောက်မှာ လုံးဝမနေနိုင်ကြောင်း အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။


လူထုလက်နက်ကိုင် တော်လှန်ရေးကြောင့် အာဏာသိမ်းစစ်တပ် အဘက်ဘက်က အရေးနိမ့်လာချိန်မှာ အာဏာရှင်တွေ သက်ဆိုးရှည်အောင် ကူညီထောက်ပံ့မှုမလုပ်ဖို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကို စေ့စပ်ဆွေးနွေးစေဖို့အတွက် ဖိအားပေးတဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးပြောဆိုထားပါတယ်။


မတရားမှုကို ခေါင်းငုံ့မခံချင်တဲ့ ပြည်သူတွေရဲ့ သွေးတွေ မခြောက်သေးပါဘူး။ အပြစ်မဲ့ပြည်သူတွေ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေကြပါတယ်။ အသက်ရှင်ကျန် တော်လှန်နေတဲ့ ပြည်သူတွေကတော့ အာဏာရှင် အမြစ်ပြတ်ရေးကိုသာ စိတ်အားထက်သန်နေတယ်ဆိုတာ ထင်ရှားလှပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...