Wednesday 24 January 2024

" AA ကို ဒူးထောက်ရတော့မည့် စစ်ကောင်စီ "


 " AA ကို ဒူးထောက်ရတော့မည့် စစ်ကောင်စီ "


ရှမ်းမြောက်တိုက်ပွဲတွေ စတင်ပြီး ရက်ပိုင်းအနည်းအငယ်အတွင်း ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ အဖွဲ့ဝင် ရက္ခိုင့်တပ်တော် AA ဟာ ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၁၃ရက်နေ့ မနက်အစောကြီးပိုင်းမှာတော့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ "ဒုံးပိုက်" နယ်ခြားစောင့်စခန်းကို တိုက်သိမ်းပိုက်လိုက်ခြင်းဖြင့် ရခိုင်ပြည်နယ်မှာလည်း ၁၀၂၇ စစ်ဆင်ရေးစတင်ပြီဖြစ်ကြောင်း ကြေငြာလိုက်တာကို တွေ့ရပါတယ်။ 


ဒီလို စစ်ဆင်ရေးစတင်ပြီး ပထမနေ့မှာပဲ "ဒုံးပိုက်"နယ်ခြားစောင့်တပ်ကို သိမ်းပိုက်ပြီးနောက် တိုက်ပွဲရဲ့ ဒုတိယနေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၄ရက်နေ့ နံနက် ၇နာရီခွဲအချိန်မှာတော့ စစ်ကောင်စီရဲ့ "ချိန်ခါလီ" နယ်ခြားစောင့်တပ်စခန်းကိုပါ အပြီးသတ် သိမ်းယူနိုင်ခဲ့ပါတယ်။ 


ထို့နောက် ဆက်တိုက်ဆိုသလို ပလက်ဝမြို့အတွင်းမှာရှိ တဲ့ စစ်ကောင်စီရဲ့ အထိုင် ခံစစ် စခန်းတွေဖြစ်တဲ့ “ထရွန်အိုင်ဗျူဟာ” နဲ့ “နှုံးဘူးဗျူဟာ” နှစ်ခုကိုလည်း နိုဝင်ဘာလ (၁၄) ရက်နေ့မှာ AA က စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၄ရက်နေ့မှာတော့ "ထရွန်အိုင်ဗျူဟာ" စခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့သလို ၊ ဒီဇင်ဘာ ၁၀ရက်နေ့မှာလည်း "နုံးဘူးဗျူဟာ" စခန်းကိုပါ သိမ်းယူနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ 


ထို့အပြင် ရက္ခိုင့်တပ်တော် AAဟာ ရခိုင်ပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေးအဖြစ် စတင်တဲ့ နို၀င်ဘာ ၁၃ရက်မှ ယနေ့အချိန်အထိ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မောင်းတော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား နှင့် ပလက်ဝ အစရှိသည့် နေရာများမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းများ၊ ရဲစခန်းများနှင့် ဗျူဟာစခန်းကုန်းများကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သလို ပလက်ဝမြို့ကိုလည်း အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလာတာကို တွေ့ရပါတယ်။


၂၀၀၉ ခုနှစ်မှာ လူ ၂၆ယောက်၊ သေနတ် ၁လက်နဲ့ စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AAကို စစ်ကောင်စီက အစောပိုင်းမှာ အထင်မြင်သေးခဲ့သော်လည်း ၂၀၁၈ နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ် တိုက်ပွဲများနဲ့ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်အတွင်း စစ်ကောင်စီနဲ့ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း ရက္ခိုင့် တပ်တော် (AA)ရဲ့ တိုက်ခိုက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နဲ့ ရခိုင်လူထုရဲ့ ထောက်ခံအားပေးမှုတွေဟာ အများမျှော်လင့်ထားတာထက် ပိုခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။


ဒါကြောင့်လည်း အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်-နပခ နယ်မြေရှိ စစ်တပ်များ၊ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ်-စကခ ၃ ခုအပါအဝင် ၊ နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ရဲတပ်ဖွဲ့များ အပြင် နောက်ထပ် တပ်မ ၅ ခုခန့် ထပ်မံ ပေးပို့ခဲ့ရသလို လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်တာတွေပါ လုပ်ဆောင်ခဲ့သော်လည်း AAကို မချေမှုန်းနိုင်ခဲ့သလို ၂၀၂၀ ခုနှစ်အတွင်းမှာပဲ စစ်ကောင်စီဘက်က AAနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ရပါတယ်။


သို့သော် အပစ်အခတ်ရပ်စဲထားသည့် ၂၀၂၀ ကာလအပြီး ၂၀၂၂ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီနှင့် AAတို့ရဲ့ တကျော့ပြန်တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြတာ ရှိခဲ့သော်လည်း AA ဘက်မှာ စစ်အင်အား၊ တပ်ဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေးယန္တရားများ စနစ်တကျ လည်ပတ်လာနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးစွမ်းရည်တိုးတက်လာမှုကတော့ ယနေ့ ၁၀၂၇ စစ်ဆင်ရေးမှာ မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ 


ဒါကြောင့် ရခိုင်ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနဲ့အတူ နယ်မြေစိုးမိုးမှုတွေပါ ရရှိလာတဲ့ ရက္ခိုင့်တပ်တော် AAကို စစ်ကောင်စီအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့မှ တန်းတူယှဥ်နိုင်ဖို့ဆိုတာ မလွယ်ကူတော့ဘဲ ဒူးထောက်အရှုံးပေးရတော့ မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...