Thursday 11 January 2024

ဖယ်ခုံ မြို့တစ်၀က်ကို သိမ်းထားနိုင်ပြီး ပိတ်မိပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့များ ကယ်ထုတ်


 ဖယ်ခုံ မြို့တစ်၀က်ကို သိမ်းထားနိုင်ပြီး ပိတ်မိပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့များ ကယ်ထုတ်


မြရာ/ဧရာ၀တီတိုင်းမ်

ဇန်နဝါရီ ၁၁ ရက်


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ရှိ စစ်ကောင်စီ ၏ ရဲစခန်းနှင့် တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ရာ မြို့ကို တစ်၀က် သိမ်းထား နိုင်ပြီး ပိတ်မိနေသည့်ပြည်သူများကို ကယ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


တော်လှန်ရေးတပ်ပေါင်းစု၏ “၁၁၁၁ စစ်‌ဆင်ရေး” အဖြစ် တိုက်ခိုက်ခဲ့သည့် ဖယ်ခုံ တိုက်ပွဲတွင် စစ်ကောင်စီ၏ ရုံးစိုက်ရာနေရာများနှင့် မြို့မရဲစခန်းအပါအ၀င် စစ်ကောင်စီ တပ်တပ်စွဲထားသည့် ကုန်းဆုံဘုန်းကြီး ကျောင်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ ၁၀ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။


"ဖယ်ခုံမြို့တစ်၀က်လောက် သိမ်းနိုင်ပါပြီ။ ပေးဆပ်မှုတွေရှိပါတယ်။ စကစ(စစ်ကောင်စီ) ကပစ်တဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးထိလို့ သေဆုံးတဲ့ ပြည်သူတွေလည်းရှိတယ်။ ပိတ်မိနေတဲ့ပြည်သူတွေကို ရဲဘော်တွေက နေ့တိုင်းကယ်ထုတ်ပေးနေပါတယ်။ သူခိုး တွေကိုလည်း ဖမ်းမိထားတယ်။ ဖယ်ခုံရဲစခန်းကတော့ အကုန်ပြာကျသွားပါပြီ" ဟု ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။


တော်လှန်ရေးတပ်ပေါင်းစုသည် ဖယ်ခုံမြို့အတွင်းကျန်ရှိနေသည့် စစ်ကောင်စီတပ်အနည်းငယ်ကို ဆက်လက်တိုက်ခိုက်လျက်ရှိပြီး မြို့တွင်းပိတ်မိနေသူများကို ကယ်ထုတ်ရာတွင် လာရောက်ကူညီသည့် စက်လှေများကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စနိုက်ဘာဖြင့်လည်း ချောင်းမြောင်းပစ်ခတ်မှုများ ရှိကြောင်း သိရသည်။


စစ်ကောင်စီတပ်စွဲရာ နေရာများကို ဇန်နဝါရီ ၁၀ ရက် နေ့က အပြီးသတ်ရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ ၀င် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အလောင်းများကို မီးရှို့ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ဖယ်ခုံ PDF ကထုတ်ပြန်ထားသည်။


စစ်ကောင်စီသည် တိုက်လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲနေသည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ်အချို့မီးလောင်ပျက်စီးပြီး ထိခိုက်ဒဏ် ရာရရှိသူများနှင့် သေဆုံးသူများရှိကြောင်း သိရသည်။


ပုံစာ- ဖယ်ခုံမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်း၊ ဌာနဆိုင်ရာများကို ၀င်ရောက်စီးနင်းထားသည့် ပူးပေါင်းတပ်ဖွဲ့၀င်များ


#ဖယ်ခုံမြို့တစ်၀က် #သိမ်းထားနိုင် #ပိတ်မိပြည်သူများ #တော်လှန်ရေးတပ်ဖွဲ့များ ကယ်ထုတ် #Ayeyarwaddy_Times

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...