Wednesday 17 January 2024

ပြည်သူ့စစ် - စစ်တပ်ရဲ့ မအောင်မြင်မှု နောက်တခု


 ပြည်သူ့စစ် - စစ်တပ်ရဲ့ မအောင်မြင်မှု နောက်တခု

...........................................

တနိုင်ငံလုံး မှာ စစ်ရေးအရှုံးကြီးတွေ ရင်ဆိုင်လာရတဲ့ စစ်အာဏာရှင်တွေဟာ လိုအပ်တဲ့ စစ်သား ဖြည့်တင်းမှု လုပ်ဆောင်ဖို့ အတွက် ပြည်သူတွေကို အတင်းအဓမ္မ ပြည်သူ့ စစ် ဖွဲ့စည်းဖို့ ခြေလှမ်းပြင်လာပါတယ်။ ဘာအတွက်ကြောင့် ပြည်သူ့စစ် ဖွဲ့စည်းရလဲ၊ ပြည်သူ့စစ်ဖွဲ့စည်းမှုဟာ အောင်မြင်မလား၊ ပြည်သူတွေ အနေနဲ့ ဘယ်လို တန်ပြန်သင့်သလဲ၊ ပြည်သူ့စစ် လားရာက ဘာဖြစ်မလဲ ဆိုတာတွေကိုရေးသားသွားမှာ ဖြစ်ပါတယ်။


ဘာကြောင့် ဖွဲ့လဲ

စစ်အုပ်စု အနေနဲ့ ဘာကြောင့် ပြည်သူ့စစ်တွေကို ဖွဲ့လဲ ဆိုတာ ဖြေဖို့ အကြမ်းဖက်စစ်တပ် ဘယ်လောက် အထိနာနေပြီလဲ ဆိုတာကို တွက်ယူဖို့လိုပါတယ်။ (Deduced) စစ်တပ်ကျရှုံးမှု နဲ့ ပတ်သတ်ပြီး အတိအကျ ကိန်းဂဏန်း မရှိပါဘူး။ စစ်ရေး လေ့လာ အကဲခတ်သူတွေ ခန့်မှန်းတာကတော့ တလ ကို (၁၀၀၀ နဲ့ ၁၅၀၀) ကြားလို့ တွက်ပါတယ်။ မြို့ပြ တိုက်ပွဲ၊ ကျေးလက်တောတွင်း တိုက်ပွဲတွင်း ချေမှုန်းခံရမှု၊ လက်နက်ချမှု၊ ပြည်သူ့ရင်ခွင်ခိုလှုံမှု၊ စစ်ပြေးမှု စတာတွေ ပေါင်းရင် အင်အားပြုန်းတီးမှုပေါင်းနည်းမှာ မဟုတ်ပါဘူး။ ပြည်သူ့ခုခံ တော်လှန်စစ် စတင်တဲ့ ကာလ (၂) နှစ်ကျော်သွားပြီ ဖြစ်ပြီး အဲဒီ (၂) နှစ်တာ နဲ့ပဲ တွက်ယူကြည့်ရအောင်။ တလကို အင်အား ၁၀၀၀ ပြုန်းတီးတယ်ဆိုရင် ၂ နှစ်တာမှာ အင်အား (၂၄ ၀၀၀) ပြုန်းတီးသွားပါပြီ။ ၁၀၂၇ စစ်ဆင်ရေး မှာ အင်အားထောင်ချီ လက်နက်ချ၊ ချေမှုန်းခံရတာတွေ ရှိလာလို့ ၁၀၂၇ နောက်ပိုင်းမှာတော့ ရှမ်းမြောက်ဒေသ အင်အားပြုန်းတီးမှု ခန့်မှန်းချက်က သိသိသာသာ ပိုပါလိမ့်မယ်။ အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ ၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းကနေဆို စုစုပေါင်း (၃) နှစ်နီးပါးရှိပါပြီ။ စစ်အင်အား ပြုန်းတီးမှု နဲ့ ပတ်သတ်ပြီး အနီးစပ်ဆုံး ခန့်မှန်းနိုင်တာကတော့ အင်အား (၃၅ ၀၀၀) လောက်ရှိပြီ လို့ မှတ်ယူနိုင်ပါတယ်။ လစဥ် ပြုန်းတီးမှု၊ ၁၀၂၇ အလွန် ပြုန်းတီးမှု၊ ပြည်သူ့ ရင်ခွင်ခိုလှုံမှုတွေကို ထည့်သွင်းတွက်ယူထားတာဖြစ်ပါတယ်။ ဒီအင်အားဟာ စစ်တပ်ရဲ့ တပ်မ (၂၀) ကျော်၊ တပ်ရင်း အနေနဲ့ ဆို တပ်ရင်းပေါင်း (၂၀၀) ကျော် အင်အား နဲ့ ညီမျှပါတယ်။ အကြမ်းဖက် စစ်တပ်မှာ တိုက်ခိုက်ရေး တပ်ရင်းပေါင်း (၅၀၀) ကျော်ရှိပါတယ်။ ( ပင်မ တိုက်ခိုက်ရေး အနေနဲ့ တပ်မ၊ စစ်ဆင်ရေး နှင့် ကွပ်ကဲမှု ဌာနချုပ် စုစုပေါင်း (၃၀) ထိရှိပါတယ်။) တိုက်ခိုက်ရေး တပ်ရင်းတွေမှာ တရင်း ကို အင်အား ၁၀၀ နဲ့ ၁၅၀ ကြားမှာပဲရှိပါတယ်။ တရင်းကို အင်အား ၁၅၀ နဲ့ တွက်ရင် အကြမ်းဖက် စစ်တပ်မှာ တိုက်ခိုက်ရေး အင်အား စုစုပေါင်း ၇၅ ၀၀၀ ကျော်ပဲ ရှိပါတယ်။ ကျန်အင်အားတွေက စစ်တိုက်ရာမှာ သိပ်အသုံးမဝင်တဲ့ လက်ရုံးတပ်တွေဖြစ်ပါတယ်။ လက်ရှိ ကျရှုံးပြီးဖြစ်တဲ့ အင်အား ၃၅ ၀၀၀ ဟာ တိုက်ခိုက်ရေး အင်အား၊ စစ်အတွေ့အကြုံနှစ်ပေါင်းများစွာ ရှိတဲ့ အမာခံ အင်အားတွေ ဖြစ်ပြီး ရေတို အစီအမံ နဲ့ ပြန်လည် အစားထိုးလို့ မဖြစ်နိုင်ပါဘူး။ စစ်တပ် တိုက်ခိုက်ရေး အင်အား တဝက် နီးပါး ဆုံးရှုံးသွားမှု ဖြစ်ပါတယ်။ 


အဲဒီနောက်မှာ လက်ရုံးတပ်၊ ရဲ၊ နယ်ခြားစောင့်၊ ပျူစောထီး ထုတ်သုံးတာတွေ လုပ်ဆောင်လာရပါတယ်။ အဲဒီ တပ်အသစ်တွေ နဲ့ လက်ရုံးတပ်တွေဟာ အရင် တပ်တွေလောက် စစ်အတွေ့အကြုံမများသလို တိုက်စွမ်းရည်လဲ မရှိပါဘူး။ တပ်သားသစ် ဆုတောင်းဖို့ကလဲ တပ်သား အများစု ထွက်ရာ အထက်အညာ ဒေသမှာ တိုက်ပွဲတွေ၊ လူထု ကို ဖိနိုပ်နေတာတွေကြောင့် တပ်သားရေသောက်မြစ်လဲ ပြတ်သွားပါပြီ။ အဲဒီလို နောက်ခံမှာ စစ်တပ်ဟာ လက်ရှိခေတ်မှာ ပြည်သူ့စစ်ဖွဲ့တာ မရှိတဲ့ ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေမှာ ခြေလှမ်းပြင်လာပါပြီ။ ရန်ကုန် မြို့အပါအဝင် နေရာ အနှံ့မှာ လူငယ်တွေကို လိမ်လည်ပြီး စစ်သားစုဆောင်းတာတွေလဲ လုပ်ဆောင်လာပါပြီ။ 


ပြည်သူ့ စစ်ဖွဲ့စည်းမှုဟာ အောင်မြင်မလား

စစ်အုပ်စုဟာ စစ်သား လိုအပ်ချက်ကို ရေတို ဖြေရှင်းဖို့ ပြည်သူ့စစ်တွေကို ဖွဲ့တာပါ။ ပျူစောထီးပဲ ခေါ်ခေါ် ပြည်သူ့စစ်ပဲ ခေါ်ခေါ် ပြည်သူကြားမှာနေပြီး စစ်ဆင်တိုက်ခိုက်ရမယ့် ပြည်သူ့စစ်တွေဟာ လူထု ထောက်ခံမှု လိုပါတယ်။ လူထုထောက်ခံမှု မရှိရင် ပြည်သူ့စစ် ဖွဲ့စည်းဖို့ မဖြစ်နိုင်ပါဘူး။ စစ်အင်အားကြီးမားပြီး လက်နက်ပိုမို ခေတ်မှီတဲ့ ပိုမို အားကောင်းတဲ့ သမရိုးကျတပ် ပုံစံ စုဖွဲ့ထားတဲ့ ရန်သူ ကို တန်ပြန်ဖို့ အချိန် နဲ့ မြေ ကို ရင်းပြီး ပြည်သူ လူထု တရပ်လုံးကို နိုင်ငံရေးအရ စည်းရုံး လှုံ့ဆော်ပြီး ခုခံတွန်းလှန် တိုက်ခိုက်တာကို ပြည်သူ့စစ်မဟာဗျူဟာ လို့ ခေါ်ပါတယ်။ ဒီပြည်သူ့စစ်မဟာဗျူဟာ ကို ကျင့်သုံးဖို့ အရေးကြီးဆုံး လိုအပ်တာ ပြည်သူ့ ထောက်ခံမှုပါ။ စစ်အာဏာရှင်တွေရော၊ စစ်အုပ်စုရော လူထု ထောက်ခံမှု မရှိလို့ အကျိုးစီးပွားအရ ဖြစ်ဖြစ်၊ ဖိအားပေးခံရလို့ပဲ ဖြစ်ဖြစ် ဖွဲ့စည်းလိုက်ရတဲ့ ပြည်သူ့စစ်တွေဟာ ဟန်ပြပဲ ဖြစ်မှာပါ။ လက်နက်တွေ ကိုင်ထားပြီး စစ်ဝတ်စစ်စားတွေ ဝတ်ဆင်ထားပေမယ့် စစ်တပ် တခု၊ တိုက်ခိုက်ရေး အင်အားစု တခု ဖြစ်လာမှာ မဟုတ်ပါဘူး။ ရှေ့တန်းတိုက်ခိုက်ရေး တာဝန်မဟုတ်ဘဲ နောက်တန်း လုံခြုံရေး နဲ့ လမ်းကြောင်း လုံခြုံရေး၊ လူထု ဖိနိုပ်ရေး တာဝန်တွေပေးမယ်ဆိုရင်လဲ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တော်လှန်ရေး အင်အားစု အသီးသီးက တနိုင်ငံလုံးမှာ ကွက်ပြည့်နင်း တည်ရှိနေပြီး ဖြစ်လို့ စိတ်ကြိုက်တိုက်ခိုက်နိုင်နေပြီ ဖြစ်ပါတယ်။ ရှေ့တန်း ပို့မယ်ဆိုရင်လဲ အလွယ်တကူ တိုက်ခိုက်ချေမှုန်းခံရမယ့် တပ်အမျိုးအစားတွေ ဖြစ်လာမှာပါ။ တပ်မတွေ၊ တပ်ရင်းတွေ၊ တပ်မမှူး၊ စကခမှူးတွေ ပါ ချေမှုန်းခံနေရတဲ့ ကာလမှာ လူထု ထောက်ခံမှု မရတဲ့ ပြည်သူ့စစ်တွေဟာ အလွယ်တကူ ချေမှုန်းခံရမှာ ဖြစ်ပါတယ်။အဲဒီ အတွက် စစ်တပ်ရဲ့ ပြည်သူ့ စစ် ဖွဲ့စည်းမှုဟာ အောင်မြင်မှာ မဟုတ်ပါဘူး။


ပြည်သူတွေ အနေနဲ့ ဘယ်လို တန်ပြန်သင့်သလဲ

မြန်မာနိုင်ငံ မြေပြန့်ဒေသ၊ အတွင်းပိုင်း နယ်မြေတွေ နဲ့ မြို့ပေါ် က သူတွေ အနေနဲ့ ပြည်သူ့စစ်ထဲ ကို အတင်းအကြပ် ဝင်ခိုင်းစေတယ်ဆိုရင် ထွက်ပြေးဖို့ အခွင့်အရေးရနိုင်မှာ မဟုတ်ပါဘူး။ ဖိအားပေးပြီး ပြည်သူ့စစ်ဖွဲ့စည်းခိုင်းခံရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ပြေးဖို့ အခွင့်အရေး ရရင် ထွက်ပြေးတာ အကောင်းဆုံး နည်းလမ်း ဖြစ်မှာပါ။ ဒီလို ပြည်သူ့စစ် အဖြစ် အတင်းအကြပ် ဖွဲ့စည်းဖို့ လုပ်ဆောင်လာမှုကြောင့် မြို့ပြဒေသ နဲ့ တချို့ဒေသတွေမှာရှိတဲ့ တော်လှန်ရေးထဲကို ထဲထဲဝင်ဝင်ပါဝင်လာခြင်းမရှိသေးတဲ့ တွေဝေနေတဲ့ လူတန်းစားတွေ အနေနဲ့ အဖြူ အမည်း သဲသဲကွဲကွဲ သိပြီး တော်လှန်ရေးကို ပိုမိုထောက်ခံလာနိုင်ပါတယ်။ စစ်တပ်ရဲ့ စစ်ရှုံးမှုကို တရားဝင် ဖော်ပြလိုက်သလို ဖြစ်လို့ ပြည်သူ့စစ်ဖွဲ့စည်းမှုဟာ အကောင်းဆုံး‌သော ဝါဒဖြန့်ချီရေး ပရောဂျက် တခုလဲ ဖြစ်လာပါတယ်။ 


ပြည်သူတွေ အနေနဲ့ ဖိအားပေးပြီး ပြည်သူ့စစ် အဖြစ် စုဆောင်းခံရရင် စစ်ပညာ သင်ယူပြီး စစ်လက်နက်ကိုင်ဆောင်ထားဖို့ လိုပါတယ်။ အချိန်တန်ရင် ပြည်သူ့စစ်တွေ အနေနဲ့ အနီးဆုံး ရန်သူ ဖြစ်တဲ့ စစ်သား၊ စစ်အရာရှိ၊ ရဲ စတဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ပြီး ပြည်သူ့တော်လှန်ရေးဘက်ကို ကူးပြောင်းဖို့လိုပါတယ်။ အချိန်မတန်သေးခင်တော့ ပြည်သူ့စစ်အဖြစ် ရပ်တည်ပြီး စစ်ရေး သတင်းတွေ ပေးပို့တာ၊စိတ်ကူကိုယ်တူ ဖြစ်မယ့်သူတွေကို စည်းရုံးပြီး စစ်တပ်ကို ပြန်လည် တိုက်ခိုက်ဖို့ အချိန်စောင့်တာ လုပ်ဆောင်လို့ရပါတယ်။ စစ်တပ်အောက်မှာ ရှိနေသေးတယ်ဆိုရင်လဲ စစ်တပ်ရဲ့ စစ်ရေး အစီအမံတွေ နှောင့်နှေးအောင်၊ နှေးကွေးအောင်၊ ထောက်လှမ်းရေး သတင်း ရရှိအောင် လုပ်ဆောင်သင့်ပါတယ်။ ရှေ့တန်းကို အတင်းအကြပ် စေလွတ်ခံရပြီဆိုရင်လဲ တိုက်ပွဲမှာ တော်လှန်ရေး တပ်ဖွဲ့တွေကို မထိအောင် ပစ်တာ၊ အခွင့်အရေး ရရင် လက်နက်နဲ့ တကွ ထွက်ပြေးတာ၊ လက်နက်ချတာ လုပ်ဆောင်သင့်ပါတယ်။


ပြည်သူ့စစ် လားရာ

ဖိအားပေးခံရလို့ ပြည်သူ့စစ် လုပ်ရတဲ့ သူတွေ အနေနဲ့ အချိန်တန်ရင် အနီးဆုံးရန်သူကို ချေမှုန်းပြီး တော်လှန်ပြည်သူ နဲ့ အတူ ရပ်တည်မှာ ဖြစ်တဲ့ အတွက် ပြဿနာမရှိပါဘူး။ အကျိုးစီးပွား အတွက် ပြည်သူ့ စစ် လုပ်တဲ့သူတွေ အနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ချေမှုန်းတာ ခံရမှာ ဖြစ်ပါတယ်။ စစ်ရေးအတွေ့အကြုံနှစ်ပေါင်းများစွာရှိတဲ့ အကြမ်းဖက် စစ်တပ်တောင် လူထု ထောက်ခံမှု မရှိတဲ့အတွက် တောင်တန်း နဲ့ မြေပြန့်ဒေသတွေမှာ ချေမှုန်းခံနေရပါပြီ။ စစ်ရေးအတွေ့အကြုံမရှိ၊ ခံယူချက် မရှိ တဲ့ ပြည်သူ့စစ်တွေ အနေနဲ့ အလွယ်တကူ ကို ချေမှုန်းခံရမှာ ဖြစ်ပါတယ်။ ပြည်သူ့ ထောက်ခံမှု မရှိဘဲ ပြည်သူ့စစ် ဖွဲ့စည်းတဲ့ စစ်အာဏာရှင်တွေရဲ့ စဥ်းစားချက်ဟာလဲ ဘယ်လိုမှ လက်တွေ့ကြမှာ မဟုတ်ပါဘူး။ ပြည်သူ့စစ်တပ်ကို တပ်ဆင်ထားတဲ့ လက်နက်တွေသာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် နောက်ထပ်သော လက်နက် ရေသောက်မြစ်တခု အဖြစ် ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ပြည်သူ့စစ်ဟာ စစ်တပ်ရဲ့ မအောင်မြင်မှု နောက်တခု အဖြစ် ထပ်မံပေါ်ထွက်လာမှာ ဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...