Thursday 18 January 2024

ဟိုင်ဂင်သဘောတူညီချက် (သို့) လွတ်မြောက်နယ်မြေ အသိအမှတ်ပြုပေးလိုက်ရခြင်


 ဟိုင်ဂင်သဘောတူညီချက် (သို့) လွတ်မြောက်နယ်မြေ အသိအမှတ်ပြုပေးလိုက်ရခြင်း


၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နှစ်လကြာတဲ့ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီ နေ့ ၁၁ ရက်နေ့ ည ၉ နာရီမှာ တရုတ် နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှု နဲ့ အကြမ်းဖက် စစ်တပ်၊ ညီနောင် မဟာမိတ် (၃) ဖွဲ့ကြား ဟိုင်ဂင် သဘောတူညီချက် နဲ့ အပစ်အခတ် ရပ်စဲလိုက်ပါတယ်။ စားသောက်ကုန်၊ လျှပ်စစ်၊ ရေ အပါအဝင် ဒေသခံ လူထု နေထိုင်မှု အတွက် တရုတ်နိုင်ငံအပေါ် နယ်စပ်ဒေသ တိုင်းရင်းသားတွေ အနေနဲ့ အရာရာ မှီခိုနေရပြီး တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကြောင့် အပစ်ရပ်မှုကို လက်ခံလိုက်ရခြင်းဖြစ်ပါတယ်။ စစ်တပ် ဘက်က ကြည့်ရင် ဆုံးရှုံးသွားတဲ့ မြို့ပေါင်း (၁၇) မြို့ နဲ့ စခန်းပေါင်းစုံ (၅၀၀) ခန့် လက်လွှတ်ရမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လွတ်မြောက် နယ်မြေတခုကို စစ်အုပ်စုက တရားဝင် အသိအမှတ်ပြုလိုက်မှုဖြစ်ပါတယ်။ ရှမ်းမြောက် အပစ်ရပ်မှုကို ကြည့်ရင် နယ်မြေ အရှုံး၊ စစ်အရှုံးကို စစ်တပ် ဘက်က တရားဝင် လက်ခံလိုက်မှု အဖြစ် မှတ်ယူနိုင်ပါတယ်။


ဒီထက် ပိုအရေးကြီးတာက စစ်တပ် ရဲ့ စိတ်ပိုင်း၊ စစ်မာန် လုံးဝ နီးပါး ရိုက်ချိုး ခံလိုက်ရမှုဖြစ်ပါတယ်။ ပြည်တွင်းစစ် အစောပိုင်းကာလ နောက်ပိုင်းမှာ အကြီးမားဆုံးသော စစ်ရေး နဲ့ နယ်မြေဆုံးရှုံးမှု ကို စစ်တပ် လက်ခံလိုက်ရမှုဖြစ်ပါတယ်။ အရှေ့မြောက်ဒေသ ဗမာပြည်ကွန်မြူနစ်ပါတီခေတ်က တောင် စစ်တပ် အနေနဲ့ ဒီလောက် ကြီးမားတဲ့ နယ်မြေ ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရခြင်း မရှိပါဘူး။ လက်ရှိ ရှမ်းမြောက်ဒေသမှာ မူဆယ် မြို့၊ လားရှိုးမြို့ တို့မှ တပါး ကျန် မြို့တွေ အားလုံးကို စစ်တပ်က လက်လွှတ်လိုက်ရပြီး ဖြစ်ပါတယ်။ ဒီအရှုံးကို လက်ခံပြီး အပစ်အခတ်ရပ်စဲရေး ရေရှည် လုပ်ဆောင်မယ်ဆိုရင် တရုတ် နယ်စပ် ကနေ သီပေါအထိ နယ်မြေ အားလုံးနီးပါးကို ညီနောင် မဟာမိတ် အဖွဲ့တွေ နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အုပ်ချုပ်မှုကို လက်ခံရမှာ ဖြစ်ပါတယ်။ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကွတ်ခိုင်မြို့တို့ကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး သစ် ထူထောင်မယ်လို့ ထုတ်ပြန်လျက်ရှိပါတယ်။ ကိုးကန့်ဒေသကိုလဲ ကိုးကန့် MNDAA တပ်ဖွဲ့က အပြည့်အဝ ထိန်းချုပ် အုပ်ချုပ်ရေး ထူထောင်လျက်ရှိပါတယ်။ ဟိုပန် နဲ့ ပင်လုံ မြို့ ၂ မြို့ ကိုလဲ ဝ တပ်ဖွဲ့ UWSA က ပြန်လည် သိမ်းယူလိုက်ပါတယ်။ အပစ်ရပ်မှုကို လက်ခံလိုက်မယ်ဆိုရင် အဲဒီ နယ်မြေ တွေ အပေါ်မှာ သက်ဆိုင်ရာ တိုင်းရင်းသား တပ်ဖွဲ့တွေရဲ့ သြဇာ နဲ့ အုပ်ချုပ်ရေး ခိုင်မာလာမှာ ဖြစ်ပါတယ်။ အဲဒီ ခိုင်မာမှုဟာ ရေရှည်မှာ စစ်တပ် နဲ့ စစ်အာဏာရှင်တခုလုံးကို ခြိမ်းခြောက်လာမှာ ဖြစ်ပါတယ်။ ရေတိုမှာ အဲလိုထိန်းချုပ်မှုကို လက်မခံဘဲ စစ်တပ်အနေနဲ့ ပြန်လည် တိုက်ခိုက်ဖို့ ဆိုတာလဲ စစ်သည် နဲ့ လက်နက် အင်အား မလုံလောက်ဖြစ်နေပါတယ်။ လက်ရှိမှာတော့ နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ၊ လားရှိုး မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေကို စစ်တပ်က ပြန်လည် ပြုလုပ်လျက်ရှိပါတယ်။ ဒီလို လုပ်ဆောင်မှုဟာ တရုတ် နိုင်ငံကို လေးစားမှု မရှိဘူး၊ သဘောတူညီချက်ကို လိုက်နာမှု မရှိဘူး။ စစ်တပ်ဟာ ယုံကြည်ရမှု မရှိဘူးဆိုတာ ပြသလျက်ရှိပါတယ်။ စစ်အုပ်စု အနေနဲ့ ပထမအကြိမ်အာဏာသိမ်းမှုဖြစ်တဲ့ ၁၉၆၂ ခုနစ်က စတင်ပြီး အာဏာသိမ်းခါစ မှာ နိုင်ငံရေး လှည့်ဖျားမှုတွေ လုပ်ဆောင်ရေး အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးတွေ လုပ်ဆောင်လေ့ရှိပြီး သူတို့ အင်အားတောင့်တာ နဲ့ တပြိုင်နက် တော်လှန်ရေးအဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်လေ့ရှိပါတယ်။ 


၁၉၆၀ ပြည့်လွန်နှစ်တွေက ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ၁၉၈၉ ခုနစ် ဗကပ ပြိုကွဲပြီးနောက်ပိုင်းပေါ်ထွက်လာတဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကြား ရယူတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ပြောင်း ကာလ ၂၀၁၀ နှောင်းပိုင်းပေါ်လာတဲ့ ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေးတွေ ကြည့်ရင် စစ်တပ်ဟာ သူ့ ခွန်အား တည်ဆောက်ရေး၊ လက်နက်ကိုင် တပ်ဖွဲ့တွေ ဖြိုခွဲရေး အတွက်သာ အပစ်ရပ်တာ သိသာထင်ရှားပါတယ်။ အချိန်ကာလတခု ကြာတာနဲ့ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လေ့ရှိပါတယ်။ ကချင်လွတ်လပ်ရေး တပ်မတော် နဲ့ ၁၉၉၄ ခုနစ်မှာ အပစ်အခတ် ရပ်စဲပေမယ့် ၂၀၁၁ ခုနစ်မှာ ကချင်အဖွဲ့ကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ပါတယ်။ လက်ရှိမှာလဲ ညီနောင် မဟာမိတ်တွေ နဲ့ ရှမ်းမြောက်မှာ စစ်ရှုံးလို့ ယာယီ အပစ်ရပ်ပြီး မြေပြန့်၊ ရခိုင် နဲ့ တောင်ပိုင်း ဒေသ ကို စစ်အင်အား တိုးချဲ့ပို့ဆောင်ချင်လို့ လုပ်ဆောင်လာတာ ဖြစ်နိုင်ပါတယ်။


အပစ်မရပ်ပဲ စစ်ဆက်တိုက်မယ်ဆိုရင် စစ်အုပ်စုဘယ်လို ရင်ဆိုင်ရမလဲ ကြည့်ရအောင်။ တိုက်ခိုက်မှုတွေကို စစ်တပ် အနေနဲ့ အရှိန်မြှင့် ဆောင်ရွက်လာမယ်ဆိုရင် ညီနောင် မဟာမိတ်တွေရဲ့ တန်ပြန် တိုက်ခိုက်မှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ အဲဒီလိုတိုက်ခိုက်မှုကို ခံနိုင်မယ့် အင်အား မရှိပါဘူး။ တကယ်လို့ တန်ပြန်တိုက်ခိုက်မှုတွေ ပေါ်ထွက်လာမယ်ဆိုရင် ရှမ်းမြောက်မှာ ရှိတဲ့ နယ်မြေ အားလုံး နီးပါးကို စစ်တပ်က လက်လွတ်ရမှာ ဖြစ်ပြီး မန္တလေး တိုင်း နဲ့ ပြင်ဦးလွင် အထိ ဆုတ်ခွာပြီး ခံစစ်ဆင်ရဖို့ များလာပါတယ်။ အဲလို ဖြစ်လာရင် ရှမ်းမြောက် စစ်မျက်နှာဟာ တရုတ် နယ်စပ်ကနေ မန္တလေး တိုင်း အဝင်ဝ နားထိ ရွှေ့သွားမှာ ဖြစ်တယ်။


ညီနောင်မဟာမိတ်တွေဘက်က ကြည့်ရင်လဲ ၂၀၁၀ ပြည့်လွန်နှစ်တွေက မောက်မာစွာ ဆက်ဆံခံထားရတာတွေ၊ မရိုးသားမှုတွေ ကို ကြုံတွေ့ဖူးထားရတဲ့ အတွက် စစ်တပ်ကို လုံးဝ ယုံကြည်မှာ မဟုတ်ပါဘူး။ ဒေသခံ တိုင်းရင်းသားတွေဟာလဲ စစ်အာဏာရှင် စနစ်ရဲ့ ဖိနိုပ်မှုတွေကို လက်တွေ့ ခံစားထားရသူတွေ ဖြစ်လို့ စစ်တပ် နဲ့ ရေရှည် အပစ်အခတ် ရပ်စဲပြီး နေဖို့ မဖြစ်နိုင်ဘူး။ စစ်တပ်ဟာ အချိန်မရွေး ကတိကို ချိုးဖောက်နိုင်သူတွေ ဖြစ်တယ်ဆိုတာ သိနားလည်ပြီး ဖြစ်ပါတယ်။


အပစ်အခတ် ရပ်စဲမှုကို လက်ခံလိုက်မှုဟာ စစ်တပ်အတွက် ကြီးမားတဲ့ တပ်တွင်း အကြပ်အတည်းကိုပဲ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ရေတို ကာလမှာ အရှုံးကို လက်ခံလိုက်မှု၊ စစ်တပ်တွင်း စစ်အခြေခံ သဘောတရားများ ဖြစ်တဲ့ နယ်မြေ တည်တံ့မှု ထိပါးခံရမှု၊ စစ်မာန် ရိုက်ချိုးခံလိုက်ရမှု ဖြစ်ပါတယ်။ ရေရှည်အတွက်ဆိုရင်လဲ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေအတွက် လွတ်မြောက် နယ်မြေကြီး တခု၊ အနာဂတ်စစ်ဆင်ရေးတွေ အတွက် လေ့ကျင့်ရေး၊ ထောက်ပံ့ရေး ဂိုဒေါင်တခု ဖန်တီးပေးလိုက်မှု ဖြစ်ပါတယ်။ အဲလို အခြေအနေတွေ ရှိနေတဲ့ ကြားက ညီနောင် မဟာမိတ်တွေနဲ့ အပစ်ရပ်ဖို့ စစ်တပ် အနေနဲ့ လက်ခံရတာကို ကြည့်ရင် တပ်တွင်း အခြေအနေ ဘယ်လောက် ပျက်ယွင်းနေပြီလဲ သိသာထင်ရှားပါတယ်။ ဒေသ တချို့ လွတ်မြောက် နယ်မြေ အဖြစ် ပေါ်ထွန်းလာမှုမှသည် တနိုင်ငံလုံး လွတ်မြောက် နယ်မြေ အဖြစ် ပေါ်ထွန်းလာရေး မဝေးတော့ပါဘူး။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...