Friday 1 March 2024

ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)က ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းနှင့် အခြားအရာရှိ ၃ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ ၁၃ ဦးတို့ကို အရှင် ဖမ်းဆီးရမိ



 ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)က ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းနှင့် အခြားအရာရှိ ၃ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ ၁၃ ဦးတို့ကို အရှင် ဖမ်းဆီးရမိ


ဧရာဝတီတိုင်းမ်

(ပလက်ဝ)၊ မတ် ၁ ရက်


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလကစစ်ဆင်ရေးပြုလုပ်နေစဉ် တပ်ရင်း၊ တပ်မဟာအလိုက် ထွက်ပြေး လာခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကခ(၁၅)၊ ဘူးသီးတောင်အခြေစိုက်လက်အောက်ခံ ခမရ-၂၃၃ တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းအပါအဝင် ဗိုလ်မှူး တစ် ဦးနှင့် ဗိုလ်ကြီး နှစ် ဦးတို့ကို အသေဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ထို့အပြင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး သုံး ဦး၊ ဗိုလ်ကြီး ကိုး ဦး၊ ဗိုလ်တစ် ဦးနှင့် တပ်ကြပ် ၁၃ ဦးအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၉ ဦးတို့ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။


ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်ဘက်မှ တပ်ရင်း၊ တပ်မအလိုက် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ မတူပီမြို့နှင့် မကွေးတိုင်းဘက်သို့ ပြန်ဝင် ရန်ကြိုးစားနေပြီး ထွက်ပြေးလာ‌သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းအမျိုးသား တပ်မတော်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) တို့ကလည်း ဖမ်းဆီးမှုများရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)ထံက သိရသည်။


“ကျွန်တော်တို့ဘက်လာနိုင်တာကို တွက်ချက်ပြီးတော့ စောင့်တဲ့ချိန်ကျတော့ တကယ်လည်း လာတယ်။ နောက်ပြီးတော့ တိုက်ပွဲဖြစ်တယ်။ တချို့ကတော့ တပ်ဆုတ်လာတာကြောင့်မလို့ တခါထဲ လက်နက်ချတဲ့ဟာလည်းရှိတယ်။ တချို့အဖွဲ့ နဲ့တော့ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပြီးတော့မှ ‌သေသွားတဲ့ဟာတွေလည်း ရှိတာပေါ့ နော်။ အခုကျွန်တော်တို့ ဖမ်းမိတဲ့ထဲမှာဆိုရင် တိုက်ပွဲဖြစ်ပြီးမှ အညံ့ခံပြီး ဖမ်းမိတာက ပိုများတယ်။ တိုက်ပွဲမဖြစ်ဘဲနဲ့ လက်နက်ချတာကတော့ ၂၃ ယောက်ပဲရှိတာပေါ့နော်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)မှ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။ 


ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်ဘက်မှ တပ်ဆုတ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားရှိပြီး နယ်မြေရှင်းလင်းမှုများပြုလုပ်နေသေးသည့်အတွက် လက်နက်ခဲယမ်း သိမ်းဆည်းမှုနှင့် ပတ်သက်၍ သေချာစွာ မစိစစ်ရသေးကြောင်းသိရသည်။


ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)သည် မည်သည့်လက်အောက်ခံမှမရှိဘဲ သီးခြား လွတ်လပ် သော ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး မတူပီ၊ မင်းတပ်၊ ကန်ပလက်နှင့် ပလက်ဝ မြို့နယ်တို့တွင် ပျံ့နှံ့ နေထိုင်ကြောင်းသိရသည်။


ချင်းလူမျိုးစု(ဒိုင်)သည် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) အသီးသီးတို့တွင်လည်း တော်လှန်းရေးတာဝန်ထမ်းဆောင်နေသူများရှိနေပြီး မြို့နယ် တချို့တွင် ဒိုင်ကိုယ်စားပြုတပ်ရင်း ခွဲထွက်မှုများ လည်းရှိကြောင်းသိရသည်။


“လက်ရှိစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သားတွေက စိတ်ဓာတ်လုံးဝပြတ်ပြားပြီး နိုင်တယ်ဆိုတဲ့ဟာကို လုံးဝမရှိတော့ဘူး။ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရဆိုရင် သူတို့နိုင်တယ်ဆိုတာ မရှိတော့ဘူး။ ဘယ်ချိန်သေမလဲဆိုတာ စောင့်နေရတဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဘယ်နေရာပဲနေနေ ပြည်သူတွေနဲ့ ပူးပေါင်းကြပါ။ ကျွန်တော်တို့က တကယ် တိုက်ခိုက်ပြီးမှ လက်နက်ချတာမျိုးကတော့ မလွယ်ဘူးပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ လာမတိုက်ခင်၊ သွေးထွက်သံယိုမဖြစ်ခင်မှာပဲ လက်နက်ချတာ ပိုကောင်း မယ်လို့ ပြောချင်ပါတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)၊ တာဝန်ခံက ဆက်လက် ပြောဆိုသည်။


ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ကို ပြင်းပြင်း ထန်ထန်တော်လှန်တိုက်ခိုက်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)သည် ပလက်ဝမြို့ နယ်တွင် အဓိကလှုပ်ရှားနေပြီး ပလက်ဝမြို့နယ်၏ ၄၀ ရာခိုင်နှုန်းကို ထိန်းချုပ် ထားကြောင်းသိရသည်။


ယခုလက်ရှိရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီတပ်ရင်းနှင့် မြို့တော်များကို ဆက်လက်သိမ်းပိုက်မှုကြောင့် ချင်းကာကွယ်‌ရေးတပ်ဖွဲ့(ဒိုင်)၏ ထိန်းချုပ်နယ်မြေထဲသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ ရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။


ပုံစာ-CDF-Daaiမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။


#ချင်းကာကွယ်ရေးတပ်ဖွဲ့ဒိုင် #ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း #စစ်တပ်အရာရှိ၃ဦး #အသေဖမ်းဆီရမိ #စစ်တပ်အရာရှိ၁၃ဦး #အရှင်ဖမ်းဆီးရမိ #Ayeyarwaddy_Times

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...