Tuesday 12 March 2024

မြ၀တီမြို့နယ်၊ ဖလူးစစ်ကောင်စီတပ်စခန်းကို ၅ မိနစ်အတွင်း တိုက်ခိုက်သိမ်း ပိုက်ရရှိ၊ စစ်တပ်က တစ်ညလုံး တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်


မြ၀တီမြို့နယ်၊ ဖလူးစစ်ကောင်စီတပ်စခန်းကို ၅ မိနစ်အတွင်း တိုက်ခိုက်သိမ်း ပိုက်ရရှိ၊ စစ်တပ်က တစ်ညလုံး တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်

ရန်ကုန်၊ မတ် ၁၂ 

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ မြ၀တီမြို့နယ်ရှိ ဖလူးစစ်ကောင်စီတပ်စခန်းကို ၅ မိနစ်အတွင်း KNLA ဦးဆောင်သော တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း Cobra Column 2 VENOM သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖလူးစခန်းကို KNLA လက်အောက်ခံ Cobra Column 2 VENOM စစ်ကြောင်းက ဦးဆောင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Cobra စစ်ကြောင်း၏ မူအရ တိုက်ပွဲနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို စစ်ကြောင်းမှ မည်သူကမှ ပြောဆိုခွင့်မရှိဘဲ Cobra ၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာမှ သတင်းထုတ်ပြန်မှသာ အတည်ဖြစ်ကြောင်း၊ ထို့ကြောင့် Cobra ၏ သတင်းထုတ်ပြန်မှုကိုသာ စောင့်ဆိုင်းကြစေလိုကြောင်း Cobra Column 2 VENOM သတင်းရင်းမြစ်က ပြောဆိုသည်။  

"ဖလူးစခန်းကို တိုက်ချိန်က ၅မိနစ်သာသာပဲလို့ပြောရမှာပါပဲခင်ဗျာ။ ကော်ဘရာစစ်ကြောင်းမှာ မူချမှတ်ထားတာရှိပါတယ်။ အဲဒါ အသေးစိတ်အခြေအနေတွေကို ကော်ဘရာရဲ့ စာမျက်နှာကနေ သတင်းထုတ်ပြန်ပါမယ်။ ဒါကြောင့်မို့လို့ အဲဒါကိုပဲစောင့်ကြည့်ပါ" ဟုCobra Column 2 VENOM သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီက ဖလူးစခန်းကို ဆုံးရှုံးသွားပြီးနောက် မြ၀တီမြို့နယ်အတွင်းသို့ ယမန်နေ့ တစ်ညလုံး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ စစ်တပ်က လုပ်ဆောင်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဘက်မှပင် ပေါက်ကွဲသံများ ကြားသိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ 

"မနေ့က ည ၈နာရီ ၄၅ တစ်ကြိမ် ၊ ည ၉ နာရီ တစ်ကြိမ် လက်နက်ကြီးတွေ လက်ခတ်တောင်ဘက် စပစ်တယ်။ ည ၉နာရီ ၁၅ မိနစ်မှာ အနောက်ဘက်မှာ လက်နက်ကြီး ဒုံးကျည်လို့ ယူဆတဲ့ အရာ မြဝတီ မြို့လယ်ခေါင်က ဖြတ်သန်းပြီး ပေါက်ကွဲသွားတယ်။ ထိုင်း-မြန်မာနယ်စပ် သုည ဂိတ် သို့မဟုတ် အမှတ် ၃ ကျွန်းတော ဘက်မှာ ပေါက်ကွဲတယ်လို့ ယူဆပါတယ်။ မနေ့ညက မြဝတီ မြို့တွင်းလမ်းတွေပိတ်ထားတယ်။ တစ်မြို့လုံး မီးတွေ ဖြတ် ထားခဲ့တယ်။ ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကျဲတာတွေလည်း တောက်လျှောက်ပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတွင်လည်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူများ ထွက် ပြေးနေထိုင်ရပြီး တိုက်ပွဲများ ပြင်းထန်လာလျှင် သောင်ရင်းမြစ်ကို ဖြတ်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ကြရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...