Monday 18 March 2024

ကလေးမြို့အနီး၌ စစ်ကောင်စီအဖွဲ့အား တိုက်ခိုက်ရာ လက်နက်ငယ် (၁၉) လက် သိမ်းဆည်းရ


 ကလေးမြို့အနီး၌ စစ်ကောင်စီအဖွဲ့အား တိုက်ခိုက်ရာ လက်နက်ငယ် (၁၉) လက် သိမ်းဆည်းရ


မတ်လ (၁၇) ရက် 

          စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးမြို့အနီး၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကလေးခရိုင် တပ်ပေါင်းစုအဖွဲ့တို့ မတ်လ (၁၆) ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လက်နက်ငယ် (၁၉) လက် သိမ်းဆည်းရသည်။ 

          အထူးလှုပ်ရှား တပ်ရင်း (၂၊ ၆)၊ ကလေးခရိုင် လှုပ်ရှားတပ်ဖွဲ့၊ ကလေးမြို့နယ် ပကဖ၊ CDF-KKG၊ RKDF၊ RCDF၊ EFDF၊ HNB နှင့် ဒေါင်းသွေးရာဇာ ပူးပေါင်းအဖွဲ့တို့မှ ပျူစောထီးရွာများဖြစ်သည့် အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာအား တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ကလေးခရိုင် မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့မှလည်း မင်းလှရွာအား ဖြတ်တောက်ရေးတာဝန် ယူပေးခဲ့သည်။ 

          အောင်မြင်သာရွာ၌ ဗိုလ်ကြီး ကျော်လင်းမောင် ဦးစီးသော စစ်ကောင်စီ ထုတ်နုတ်အင်အား (၂၂) ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား (၄၀) ဦး အခြေချနေထိုင်ပြီး ကျောင်းတိုက်ရွာ၌ ဗိုလ် ဖြိုးသန့် ဦးစီးသော စစ်ကောင်စီ ထုတ်နုတ်အင်အား (၂၇) ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား (၅၉) ဦး အခြေချ နေထိုင်သည်။

          ၎င်းတိုက်ပွဲတွင် စစ်ကောင်စီဝင် (၆) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရသည်။ မိမိတို့ဘက်မှ ကျောင်းတိုက်ရွာအား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျောင်းတိုက်ရွာမှ ရန်သူများ ဆည်တော်ဦးရွာနှင့် အောင်မြင်သာရွာသို့ ဆုတ်ခွာသွားသည်။ ကျောင်းတိုက်ရွာသို့ ကလေးမြို့မှ တက်လာသော Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့သည်။

           မိမိတို့ဘက်မှ ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ ရန်သူ့ထံမှ MA-15 (ငါးကြင်းမြှီး)နှင့် MA-10 (RPG-7) အပါအဝင် လက်နက်ငယ် (၁၇) လက်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ ဗုံးသီးမျိုးစုံ အလုံး (၁၀) ကျော်၊ ကျည်အိမ် (၃၀) ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရသည်။

          ဒါ့အပြင် နန်းစောင်းပုရွာသစ်၌ ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ-၂၂ လက်အောက်ခံ စစ်ကောင်စီ ထုတ်နုတ်အင်အားနှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၃၀) ခန့်အား အထူးလှုပ်ရှား တပ်ရင်း (၂၊ ၅)၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့၊ ကလေးခရိုင် တပ်ရင်း (၂၊ ၄၊ ၅)၊ ကလေးမြို့နယ် ပကဖ၊ RKDF၊ HNB၊ EFDF၊ ဒေါင်းသွေးရာဇာ၊ S2UG၊ GRF၊ TCDF ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ 

          ၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒရုန်းများဖြင့်လည်း တိုက်ခိုက်ခဲ့ကြသည်။ ရန်သူ့ဘက်မှ ဗိုလ်ကြီး (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး၏ အလောင်း (၂) လောင်း ရရှိသည်။ ရန်သူ့ထံမှ လက်နက်ငယ် (၂) လက်၊ MA ကျည် (၁၇) တောင့်နှင့် ကျည်အိမ် (၂) ခု သိမ်းဆည်းရသည်။ 

          စစ်ကောင်စီဘက်မှ ကလေးမြို့ အနီးဝန်းကျင်ရှိ တိုက်ပွဲမဖြစ်ပွားသော နေရာများသို့လည်း လက်နက်ကြီးများဖြင့် မီးလောင်ဗုံးအပါ ဗုံးအလုံး (၂၀၀) ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ့နေအိမ်အချို့မီးလောင်ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရသည်ဟု ကနဦး သတင်းရရှိသည်။


အမှတ် (၁) စစ်ဒေသ

5 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...