Thursday 28 March 2024

ယောယုံစစ်ကောင်စီဗျူဟာတပ်စခန်းကို KIA သိမ်းပိုက်


 ▪︎Breaking News 


ယောယုံစစ်ကောင်စီဗျူဟာတပ်စခန်းကို KIA သိမ်းပိုက်


▪︎လွန်ခဲ့သည့် ၃၉ နှစ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်

မသိမ်းနိုင်ခဲ့သည့်စခန်းကို KIAကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် 


ဟန်နွေ/People’s Spring


ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်- လွယ်ဂျယ် လမ်းရှိ ယောယုံစစ်ကောင်စီ ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့နေ့လည်ပိုင်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။


အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁) လက်အောက်ခံ ယောယုံဗျူဟာအား မတ်လ ၂၈ရက် မွန်း

တည့် ၁၂နာရီတွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။


ယောယုံစခန်းအပြင် လော့ဒန်စခန်း၊ လွယ်ဂျယ်မြို့ အပေါ် စေတီကုန်းတန်းမှ ရှေ့တန်း ခလရ(၁၄၂) တပ်ရင်း ဖလန်ဘွမ် တပ်စခန်း တို့ကိုလည်း ယနေ့မနက်တွင် သိမ်းနိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။


KIAသည် ဗန်းမော် -မိုးမောက်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို မတ်လ ၂၇ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ဆင်ရေး ပထမရက်တွင် လော့မွန်၊ ဘန်ရောင်၊ ရှန်တိုင်းဘွမ် တပ်စခန်းများကို KIAက သိမ်းပိုက်ခဲ့ပြီး ယနေ့တွင် စစ်ရေးအရ အရေးပါသည့် ယောယုံဗျူဟာ အပါအဝင် တပ်စခန်း ၃ ခုကို ထပ်မံ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ဗန်းမော်- လွယ်ဂျယ်လမ်းတွင် စိန်လုံ စစ်ကောင်စီတပ်စခန်း သာကျန်တော့ပြီးအဆိုပါ တပ်စခန်းကို ရှင်းနိုင်ပါက လမ်းကြောင်းရှင်းသွားပြီဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။


ယောယုံဗျူဟာ စခန်း သိမ်းတိုက်ပွဲတွင် လက်နက်ချ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး ဖမ်းဆီးရမိခဲ့ကြောင်းလည်း KIA စစ်ရေးသတင်းများ အဓိက ဖော်ပြသည့် 7Stars News က ဖော်ပြသည်။


၁၉၈၅ ခုနှစ် ဝန်းကျင်က နာမည်ကြီးတိုက်ပွဲ ဖြစ်သည့် ယောယုံဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။


“၁၉၈၅ မှာ KIAနဲ့ ဗကပ ရွှေရာအောင် စစ်ဆင်ရေးအမည်နဲ့ တိုက်ခဲ့လို့ နာမည်ကြီးတာ” ဟု ၎င်းက ပြောသည်။


 ယောယုံ တပ်စခန်းကို ၁၉၈၅ မတ်လ ၂၂ရက်တွင် ဗကပ နှင့် KIA ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ထိုစဉ်က စခန်းသိမ်းမရဘဲ ဆုတ်ခဲ့ရဖူးကြောင်း လွန်ခဲ့သည့် ၃၉ နှစ်က ဆင်နွှဲခဲ့သည့် စစ်ဆင်ရေး၌ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးကလည်း ၎င်း၏ အတွေ့အကြုံကို မတ် ၂၇ ရက်တွင်ရေးသား အသိပေးထားသည်။


 “ စိန်လုံကဘာနဲ့ ယောယုံတောင်ကြော‌ဆိုတာ မိုးမောက်နဲ့ လွယ်ဂျယ်ကြားက အရှေ့အနောက်တန်းနေတဲ့ တောင် ကြောကြီးလည်းဖြစ်တယ်။ အဲဒီတောင်ကြောပေါ်က အရေးပါသော တပ်စခန်းများဖြစ်တဲ့ ယောယုံ၊ ရှန်တိုင်၊ 

ဖာလန်င်း၊ ဘန်ယောင်၊ လော့မွန်နှင့် လော့ဒန်တပ်စခန်းများကို ယနေ့ မတ်လ (၂၇)ရက်နေ့ နံနက်ပိုင်းမှစ၍ KIA ပူးပေါင်းတပ်တို့မှ တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ စိန်လုံကဘာတော့ မတိုက်သေးဘူးလို့သိရတယ်။ထိုးစစ်ဆင်တိုက်ခိုက်မှုစတင်ပြီးနောက် ရှန်တိုင်၊ ဖာလန်င်း၊ ဘန်ယောင်၊ လော့မွန်နှင့် လော့ဒန်တပ်စခန်းငယ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ယခုအချိန်တွင် ယော်ယုံတပ်စခန်းကြီးအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိ

ဆဲလို့သိရတယ်။ ယောယုံစခန်းကလည်း မိုင်ဂျာယန်နဲ့ လွယ်ဂျယ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရတယ်” ဟု ဦးမောင်မောင်စိုးက ရေးသားထားသည်။


 အဆိုပါ ယောယုံတပ်စခန်းကို KIA ပူးပေါင်းတပ်က ၃၉နှစ်နှင့် ၅ရက်အကြာ၌ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက တွက်ပြထားသည်။


 “၁၉၈၅ ခုနှစ် ယောယုံတိုက်ပွဲကာလက အခု ကေအိုင်အေမှာ ထိပ်တန်းခေါင်းဆောင်တွေဖြစ်နေကြတဲ့ စစ်ဦးစီးချုပ် ကိုခေါင်လွန်းတို့၊ ကေအိုင်စီ ဒုဥက္ကဌ ကိုဂွမ်မော်တို့တောင်ကေအိုင်တပ်ထဲတောင် မရောက်ကြသေးဘူး။ ၁၉၈၅ ယောယုံတိုက်ပွဲတုံးတက်ကြွခဲ့တဲ့ကျနော်တောင် အိုမင်း မစွမ်းဖြစ်နေပြီလေ။ အတော်ကို ရှည်ကြာ အတော်ကို ဇွဲခတ်တဲ့ ပြည်တွင်းစစ်ပါဘဲ။ လွန်ခဲ့တဲ့ ၃၉ နှစ်လောက်က ယောယုံတောင်ကုန်းမှာ တနေကုန်ရှူခဲ့ရတဲ့ သွေးညှိီနံ့ ဒီနေ့ပြန်ရတယ်” ဟု ဦးမောင်မောင်စိုးက ရေးသားထားသည်။


KIAသည် မတ်လ ၇ရက်မှစ၍ ထိုးစစ်အရှိန်မြှင့်တင်ပြီး စစ်ကောင်စီတပ်စခန်းများအား တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ရာ သုံးပတ်ကျော်အကြာတွင် စစ်ကောင်စီတပ်စခန်း ၅၀ ကျော်ကို သိမ်းပိုက်ထားပြီး ယင်းအနက် တပ်ရင်းဌာနချုပ် နှင့် ဗျူဟာစခန်းများလည်း ပါဝင်သည်။

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...