Saturday 27 April 2024

နပခ အမ်း၏ အင်အားအကြီးဆုံး တော‌ဟိန်းတောင် ဗျူဟာကို AAသိမ်းပိုက်၊ ကစဉ့် ကလျားထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က လိုက်လံ ရှင်းလင်းနေပြီး ထိတွေ့ တိုက်ပွဲ ပြင်းထန်နေ


 နပခ အမ်း၏ အင်အားအကြီးဆုံး တော‌ဟိန်းတောင် ဗျူဟာကို AAသိမ်းပိုက်၊ ကစဉ့် ကလျားထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က လိုက်လံ ရှင်းလင်းနေပြီး ထိတွေ့ တိုက်ပွဲ ပြင်းထန်နေ


ဧရာဝတီတိုင်းမ်

ဧပြီ ၂၇ရက်


ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ စစ်ကောင်စီ၏

အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) လက်အောက်ခံ ကဇုကိုင်း၊ တောဟိန်းတောင်ဗျူဟာစခန်းကို ပြီးခဲ့သည့် ဧပြီ ၂၅ရက်နေ့တွင်  အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


အာရက္ခတပ်တော် (AA) သည် ဧပြီ ၂၅ရက်နေ့က  အင်အား ၆၀၀နီးပါးရှိသည့် စစ်ကောင်စီ၏  တောဟိန်းတောင်ဗျူဟာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ  ယင်းဗျူဟာမှ စစ်ကောင်စီတပ်သားများ ကစဉ့်ကလျားထွက်ပြေးကြ၍ လိုက်လံတိုက်ခိုက်ခဲ့ရာ ယနေ့ ဧပြီ ၂၇ရက်နေ့အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


"ဗျူဟာကနေဆင်းပြေးတဲ့ တပ်သားတွေကို လိုက်ဖမ်းရာကနေ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က သေတာတွေလည်း အတော်များတယ်။ စစ်ကူ လာမယ့်လမ်းကြောင်းတွေလည်းဖြတ်ထားတော့ လေကြောင်းအင်အားကူပဲရှိတယ်" ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။


AA သည် ပြီးခဲ့သည့် ဧပြီ ပထမပတ် ကတည်းက စတင်၍ စစ်ကောင်စီ၏ တောဟိန်း တောင်ဗျူဟာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှင့် လေကြောင်းမှ အင်အားထောက်ပို့ခြင်းကို အဆက်မပြတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။


"တပ်တော်(AA)က အမ်းကို အကုန်ပိတ်ပြီး  ချနေတာ။ သူတို့က အဝင်အထွက် လမ်းတွေကို အကုန်ပိတ်ထားပြီးမှ ဆိုတော့ သူတို့ဘဲပြန်ပိတ်မိနေတာ။ တောင်ကုတ် ဘက်ကလည်း မလာကူနိုင်ဘူး။ အမ်း၊ မကွေးကလည်း ကင်းပုန်းချတာနဲ့ ရွာတွေထဲ ဝင်မွှေတာတွေကို စစ်ကောင်စီက လုပ်နေတယ်။  စစ်ကူကတော့ အလွယ် မရောက်နိုင်ဘူး။ အဓိက ကတော့ လေကြောင်းပဲ သုံးနေတယ်။ အခုလည်း လေကြောင်းက ဆက်တိုက်လာနေတယ်" ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။


တောဟိန်းတောင်ဗျူဟာမှ ကစဉ့်ကလျားထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည်  တောင်ခြေအနီးရှိ စွေ့ချောင်း၊ ကဇုကိုင်း၊ အုန်းနွယ်ချောင်း၊ ဆင်အုန်းတိုင်နှင့် အုန်းတိုင်းချောင်း ကျေးရွာများသို့ ဝင်ရောက်ထွက်ပြေးကြသည့်အတွက် အဆိုပါ ကျေးရွာများ၌ ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။


"ရွာတွေထဲဝင်ပုန်းခိုကြတော့ စစ်ကောင်စီတွေမှာလက်နက်လည်းပါလို့ ကျေးရွာသားတွေ အတွက် အန္တရာယ်များတယ်။ မနေ့က ည၉နာရီလောက်ထိ ရွာတွေထဲကနေ ပစ်ခတ်သံတွေကြားနေရတယ်။ တပ်တော်ကတော့ လိုက်လံဖမ်းဆီးတာတွေ လုပ်နေပါတယ်" ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာသည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ- ၅ လက်အောက်ခံဖြစ်ပြီး အင်အား ၆၀၀နီးပါးရှိသော်လည်း AA က စစ်ကူလမ်းကြောင်းများ ဖြတ်တောက်၍ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် တစ်လနီးပါး တိုက်ယူအပြီးတွင် ယခုကဲ့သို့ စခန်းစွန့်ကာ  ကစဉ့်ကလျား ထွက်ပြေးကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။


 AA သည် ပြီးခဲ့သည့် မတ် ၂၄ရက်နေ့ကတည်းက အမ်းမြို့နယ်ရှိ ပြောသေကျေးရွာအနီး စစ်ကောင်စီတပ်ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ယနေ့အထိ အမ်းမြို့နယ်နေရာအနှံ့တွင် တိုက်ပွဲများဖော်ဆောင်လာခြင်းဖြစ်သည်။


စစ်ကောင်စီကလည်း ၎င်းတို့၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ် မကျစေရေးအတွက် လေကြောင်းမှ ဆက်တိုက်ပစ်ကူနှင့် အင်အားထောက်ပို့ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


#အမ်း #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #ကဇုကိုင်း #တောဟိန်းတောင်ဗျူဟာ #AA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...