Tuesday 2 April 2024

ကချင် တန်ပြန်ထိုးစစ် (၂)


 ကချင် တန်ပြန်ထိုးစစ် (၂)


🔺 KIA မဟာဗျူဟာ တခုလုံးကို ပြန်လည်သုံးသပ်ခြင်း


ကချင်လွတ်လပ်ရေးတပ်မတော်ဟာ သူ့အဖွဲ့အစည်းရဲ့ အားသာချက်၊ အားနည်းချက်တွေပေါ် အခြေခံပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲအလိုက် ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ မဟာဗျူဟာကို ချမှတ် ကျင့်သုံးပြီး ယခုလို ကြီးမားတဲ့ အောင်ပွဲကြီးတွေ ရရှိလာတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ မြေပြန့်ဒေသ လက်နက်ကိုင်အင်အားစုတွေကို ဦးဆုံး လေ့ကျင့် လက်နက်တပ်ဆင်ပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ထဲမှာ KIA ပါ ဝင်ပါတယ်။ ၂၀၂၁ ခုနစ် မတ် လ ၂၅ ရက်နေ့ (၁၉၈၇ ခုနစ် ကတည်းက စစ်တပ်သိမ်းယူထားတဲ့) မှာ လိုင်ဇာမြို့ နဲ့ မိုင်ဂျာယန် မြို့ကြား၊ တရုတ်နယ်စပ်အနီးမှာ မဟာဗျူဟာမြောက် တည်ရှိနေတဲ့ အလော့ဘွမ် စစ်စခန်းကြီးကို KIA က စတင် သိမ်းယူလိုက်ပြီး နွေဦးတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာပါတယ်။ အဲဒီကနေ မြေပြန့်ဒေသ အထူးသဖြင့် စစ်ကိုင်းတိုင်းထဲက နွေဦးတော်လှန်ရေး အဖွဲ့ငယ်လေးတွေကို စစ်ရေး လေ့ကျင့်မှုတွေ ပေးခဲ့ပါတယ်။ နောက် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF) ကို ဖွဲ့စည်းခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ကိုလဲ စစ်ရေးလေ့ကျင့်မှု အနီးကပ် စစ်ရေးကြီးကြပ်ကွပ်ကဲမှုတွေ ပေးခဲ့ပါတယ်။ ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း နဲ့ တခြားဒေသတွေ ပါဝင်တဲ့ အမှတ် (၁) စစ်ဒေသ ကို ကချင်လွတ်လပ်ရေး တပ်မတော်က ကွပ်ကဲခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြေပြန့် တော်လှန်ရေး အင်အားစုတွေ နဲ့ စုစည်းပြီး စစ်တပ်ကို တိုက်ခိုက်လျက်ရှိပါတယ်။ 


၂၀၂၁ ခုနစ် ကနေ ၂၀၂၄ ခုနစ် မတ်လ မတိုင်ခင်ထိ KIA နဲ့ အမှတ် (၁) စစ်ဒေသဟာ ခံစစ်အနေအထားမှာ ပဲ ရှိနေပြီး စစ်ရေးလှုပ်ရှားမှု နယ်ကို တဖြည်းဖြည်း တိုးချဲ့ခဲ့ကြပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ မဟာဗျူဟာကလဲ တနိုင်ငံလုံး ကွက်ပြည့်နင်းရေးလို့ တရားဝင် ထုတ်ပြန်ထားပြီး စစ်ရေးလှုပ်ရှား နယ်တွေကို တနိုင်ငံလုံး နီးပါး ဖြန့်ကျက်ခဲ့ကြတယ်။ ကချင်ဒေသ၊ စစ်ကိုင်းဒေသ၊ မကွေးဒေသ၊ မန္တလေးဒေသ ၊ ရှမ်းမြောက် ဒေသတွေမှာ ပြောက်ကျားလှုပ်ရှားမှု၊ စခန်းငယ်သိမ်းပိုက်မှု၊ ရန်သူ့လှုပ်ရှား စစ်ကြောင်း၊ ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်ဆောင်ပြီး ရန်သူ ကို အင်အား လျော့ပါး၊ စစ်ပန်းအောင်၊ တပ်အင်အားတွေကို ကျယ်ပြန့်တဲ့ စစ်မျက်နှာ တလျှောက်ဖြန့်ခွဲထားရှိအောင် မဟာဗျူဟာမြောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကနဦး အနေနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်း၊ ပင်လယ်ဘူး၊ ကသာ ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ အားကောင်းစွာ ပေါ်ထွက်လာပြီး နောက်ပိုင်းမှာ စစ်ကိုင်းတိုင်း အောက်ပိုင်း ကနီ၊ ယင်းမာပင်၊ ရွှေဘို၊ ဒီပဲယင်း၊ ရေဦး နယ်တွေထိ စစ်ရေး လှုပ်ရှားမှုကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မကွေးတိုင်း အထက်ပိုင်းထိပါ ဖြန့်ကျက်လှုပ်ရှားနိုင်လာပါတယ်။ 


အပြင်စည်းအနေနဲ့ စစ်ရေးလှုပ်ရှားမှုကို KIA က ဖြန့်လုပ်ထားတဲ့ ကာလမှာ ကြိုတင်တွက်ဆလို့ရတဲ့ အတိုင်း အတွင်းစည်း ဗဟို ဌာနချုပ် ရှိတဲ့ လိုင်ဇာဒေသကို စစ်တပ်က ၂၀၂၃ ခုနစ် ဇွန် လ က စတင်ပြီး ဝင်ရောက် လှုပ်ရှားလာပါတယ်။ စစ်တပ်ဟာ ပြိုင်ဘက် ရန်သူရဲ့ ဗဟို ဌာနချုပ်ကို သိမ်းပိုက်ခြင်းထက် ဝန်းရံ ထိန်းချုပ်ခြင်းကို တလျှောက်လုံးလုပ်ခဲ့ပါတယ်။ ဥပမာအနေနဲ့ ပဲခူးရိုးမ ဗကပ ဌာနချုပ်၊ ပန်ဆိုင်း ဗကပ ဌာနချုပ် ကို မင်းရန်အောင် ထိုးစစ် နဲ့ ထိန်းချုပ်ခြင်း၊ ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် မာနယ်ပလောကို သိမ်းပိုက်ခြင်းတို့ရှိခဲ့ပါတယ်။ ယခင်ကာလတွေမှာ ဗဟိုဌာနချုပ်တွေကို သိမ်းပိုက်ခြင်း၊ ထိန်းချုပ်ခြင်းတို့ လုပ်ဆောင်နိုင်ခဲ့ပေမယ့်လဲ နွေဦးတော်လှန်ရေး ကာလမှာ တနိုင်ငံလုံးမှာ စစ်ဖြန့်တိုက်နေရတဲ့ စစ်တပ်က အင်အားအလုံးအရင်း စုစည်းပြီး ဌာချုပ်နေရာတွေကို မတိုက်နိုင်တော့ပါဘူး။ အဲဒီအခြေအနေ အောက်မှာ စစ်တပ်ရဲ့ လိုင်ဇာ ထိုးစစ်ဟာ ကျရှုံးသွားရပါတယ်။ လိုင်ဇာ ထိုးစစ် အပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်ဟာ ရှမ်းမြောက်ဒေသ၊ လိုင်ဇာ ဒေသ နဲ့ ကချင် ဒေသတွေမှာ အရေးကြီးတဲ့ စစ်စခန်းကြီးတွေကို တဖြည်းဖြည်းနဲ့ သိမ်းပိုက်လာခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေး နဲ့ မရှေးမနှောင်းမှာ ရှမ်းမြောက် ဒေသ မှာ ညီနောင် မဟာမိတ် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာပြီး မြို့ပေါင်းများစွာ လက်လွှတ်လိုက်ရပါတယ်။ KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တခြားသော ပူးပေါင်းတပ်တွေဟာ စစ်ကိုင်း မြေပြန့်ထဲမှာ ရှိတဲ့ ကောလင်းမြို့၊ ခါမ်းပါတ်မြို့၊ ရွှေပြည်အေး မြို့ တို့ကို သိမ်းယူနိုင်လိုက်ပါတယ်။ မြေပြန့် ဒေသ မြို့သိမ်းတိုက်ပွဲ၊ ရှမ်းမြောက် နဲ့ လိုင်ဇာ ဒေသ စခန်းသိမ်းတိုက်ပွဲတွေ အပြီး ၂၀၂၄ ခုနစ် မတ်လ (၇) ရက်နေ့မှာ ကချင်လွတ်လပ်ရေး တပ်မတော် ရဲ့ တန်ပြန်ထိုးစစ် စတင်လာပါတယ်။


အဲဒီ စစ်ရေးလှုပ်ရှားမှု အဆင့်ဆင့်ကို ကြည့်ရင် KIA ဟာ ၂၀၂၁ ကနေ ၂၀၂၃ ခုနစ် အထိ ခံစစ်၊ ၂၀၂၄ ခုနစ်မှာ ထိုးစစ်ကျင့်သုံးလာတာတွေ့ရပါတယ်။ စစ်မဟာဗျူဟာအရ လှုပ်ရှားနယ်မြေကို စစ်ကိုင်းတိုင်း အတွင်းပိုင်း နဲ့ မကွေးတိုင်း အထက်ပိုင်းထိ ဆန့်ထုတ်လိုက်ပြီး လိုင်ဇာဌာနချုပ်နားမှာ တပ်စွဲ ထိန်းချုပ်ထားတဲ့ စစ်တပ်ကို တန်ပြန်လိုက်ပါတယ်။ လှုပ်ရှားနယ်ကို ဆန့်ထုတ်တာနဲ့ တပြိုင်နက်တည်း ဌာနချုပ် နယ်မြေမှာလဲ ခိုင်မာတဲ့ တပ်အင်အားကို စုစည်းထားပြီး ရန်သူ ရဲ့ ထိုးဖောက်ဝင်ရောက်မှုကို တန်ပြန်ဖို့ အသင့်ပြင်ထားခဲ့ပါတယ်။ ၂၀၂၃ ခုနစ် စစ်တပ်ရဲ့ လိုင်ဇာ ထိုးစစ်ကို ကြည့်ရင် ဒီ အချက် သိသာပါတယ်။ လှုပ်ရှားနယ်မြေကို ချဲ့ထုတ်လိုက်ပြီး ရန်သူ ရဲ့ စုစည်းထားတဲ့ တပ်ကို ဖြန့်ထုတ်လိုက်စေပြီး ပြောက်ကျားစစ် အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။ ပြောက်ကျား စစ် ၃ နှစ်တာ ကာလ အပြီးမှာမှ လိုင်ဇာ ဒေသမှာရှိတဲ့ အခိုင်အမာ စစ်စခန်းတွေကို သမရိုးကျစစ် ပုံစံ နဲ့ အလုံးအရင်း စစ်ဆင်တိုက်ခိုက်ပြီး ယနေ့ အောင်ပွဲတွေ ရရှိနေပါတယ်။ ပထမ ၃ နှစ်တာ ကာလ မှာ စစ်ပန်းနေတဲ့ အကြမ်းဖက် စစ်တပ်ဟာ ကောင်းမွန်စွာ တန်ပြန်နိုင်မှု မရှိတော့တာ ကချင် တန်ပြန်ထိုးစစ်က ပြသနေပါတယ်။ စစ်နယ်ကို ကျယ်ဝန်းစွာ ဖြန့်လိုက်တဲ့ အတွက် ရန်သူ အနေနဲ့ အင်အားစုစည်းမရခြင်း၊ စစ်မျက်နှာအားလုံးကို ထိန်းချုပ်နိင်မှု မရှိခြင်း၊ လုံခြုံစွာ သွားလာ လှုပ်ရှားလို့ မရခြင်း၊ လေကြောင်းမှ အသာစီးယူ ပစ်ခတ်လို့မရခြင်း စတဲ့ အားသာချက်တွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အမျိုးမျိုးသော နိုင်ငံရေး အင်အားစုတွေနဲ့ ခိုင်မာစွာ မဟာမိတ် စုဖွဲ့ထားပြီး ကိုယ့်အင်အား ကို ခိုင်မာအောင်လဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရန်သူ စစ်ပန်း စစ်အင်အား လျော့ကျမှု သေချာပြီ ဆိုမှ အင်အား အလုံးအရင်းသုံး တန်ပြန်ထိုးစစ်ကို တိကျတဲ့ လှုပ်ရှားဂွင်မှာ စတင်ခဲ့ပါတယ်။ ကျန် ကချင် ပြည်နယ် တခုလုံးမှာလဲ ဟန်ချက်ညီ စစ်ဆင်ရေးတွေ ဖော်ဆောင်ပြီး ပင်မ စစ်ရေး လှုပ်ရှားဂွင် လိုင်ဇာ ကို အားဖြည့်ခဲ့ပါတယ်။ ရန်သူ့ အခိုင်အမာ စခန်း နဲ့ မြို့ကြီးတွေကို ထိပ်တိုက် ရင်ဆိုင် သိမ်းပိုက်ရေးထက် ပတ်ခြာလည် ဒေသများ၊ အရေးကြီး စစ်စခန်းများကို သိမ်းပိုက်ခြင်းဖြင့် ဆက်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့ခြင်း ဆိုတာ ကို အားပြုခဲ့ပါတယ်။ ရန်သူ အနေနဲ့ ထွက်ပေါက်မရှိတဲ့ အခြေအနေ မျိုး ကြုံရပြီး အရူးအမူး ခုခံမှု မဖြစ်စေရန်လဲ လိုအပ်တဲ့ ထွက်ပေါက်တွေ ဟ ပေးခြင်း ကိုလဲ တွေ့ရပါတယ်။ အမာရှောင် အမွတိုက်ဆိုတဲ့ ပြောက်ကျား စစ်မူ ကို ကချင် တန်ပြန်ထိုးစစ် နဲ့ ထိုးစစ် မတိုင်ခင် ကာလတွေမှာ ကချင် လွတ်လပ်ရေးတပ်မတော်က စံပြု အဖြစ် ကျင့်သုံးသွားတာတွေ့ရှိရပါတယ်။


🔺ပြည်သူ့ကာကွယ်ရေး တပ်မတော် အတွက် သင်ခန်းစာ ထုတ်ယူနိုင်မှု

ပြည်သူ့ ကာကွယ်ရေးတပ်မတော် နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် ကြားတွင် မတူညီသည့် ဖြတ်သန်းမှု နဲ့ ဖွဲ့စည်းပုံ၊ လှုပ်ရှားရာ ဒေသ၊ နောက်ခံ အကြောင်းတရားတွေ ရှိနေပေမယ့် KIA ရဲ့ ကချင် တန်ပြန် ထိုးစစ် တွင်းက ကောင်းမွန်တဲ့ အချက်တွေကို လေ့လာပြီး စနစ်တကျ အတူ ယူသင့်ပါတယ်။ အဓိက အချက်ကတော့ ပြောက်ကျား လှုပ်ရှားနယ်မြေကို ကျယ်ပြန့်စွာ ဖြန့်ထုတ်ခြင်း၊ အခိုင်အမာ စစ်စခန်းတွေကို ထိပ်တိုက် သိမ်းပိုက်ခြင်းထက် ကာလရှည်ကြာ ပိတ်ဆို့ ဖြတ်တောက်ထားခြင်း၊ ဟန်ချက်ညီ စစ်ဆင်ရေးတွေ လုပ်ဆောင်ခြင်း၊ အချိန်ကောင်းစောင့်ခြင်း နဲ့ ကောင်းမွန်တဲ့ မဟာမိတ် စုဖွဲ့မှု တည်ဆောက်ထားခြင်းတို့ပဲ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် အနေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော်လို ခိုင်မာတဲ့ အခြေခံ နယ်မြေ မရှိတဲ့ အတွက် ဌာနချုပ် နယ်မြေကို ကာကွယ်ရခြင်း ဆိုတဲ့ ကန့်သတ်ချက် ရှိမနေပါဘူး။ ဒီအတွက်ကြောင့် လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်သလို၊ ပြောက်ကျားစစ် နယ်ကို ကျယ်ပြန့်စွာ ဖွင့် နိုင်ပါတယ်။ လက်ရှိမှာလဲ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး တိုင်း၊ တနင်္ဿာရီတိုင်းတွေမှာ စစ်ဆင်တိုက်ခိုက်မှုတွေ ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိပါတယ်။ နေပြည်တော်၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်းမှာပဲ ပြောက်ကျားစစ်ဆင် တိုက်ခိုက်မှု တိုးချဲ့ဖို့ ကျန်ရှိနေတာပါ။ မြေပြန့် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ လက်ရှိ အချိန်မှာ အခိုင်အမာ စစ်စခန်းတွေ ကို သွားရောက် တိုက်ခိုက်မှု ကို တက်နိုင်သမျှ ရှောင်သင့်ပါတယ်။ လက်နက်တပ်ဆင်မှု နဲ့ စစ်ရေး အတွေ့အကြုံ ပိုများတဲ့ KIA အဖွဲ့တောင်မှ ၃ နှစ်တာ စစ်ပန်းအောင် စစ်တပ်ကို တိုက်ခိုက်ပြီးတဲ့နောက်မှ ဌာနချုပ် နယ်မြေ အနားက စစ်စခန်းတွေကိုပဲ စခန်းသိမ်း တိုက်ပွဲ ဆင်နွဲတာ ဖြစ်ပါတယ်။ အဲဒီ အချက်ကို အတုယူပြီး မြေပြန့် က စစ်စခန်းတွေ၊ အခိုင်အမာ မြို့သိမ်းပိုက်မှုတွေကို အချိန် တခု စောင့်ဆိုင်းပြီးမှ သိမ်းယူသင့်ပါတယ်။ အခိုင်အမာ စခန်းသိမ်း တိုက်ပွဲ ဆင်နွဲမယ့်အစား လှုပ်ရှားရန်သူ၊ ရန်သူ့ စစ်ကြောင်း၊ ယာဉ်တန်း ချေမှုန်းရေး ကို ဦးစားပေးသင့်ပါတယ်။ အခိုင်အမာ စခန်းတွေ ကို ဝင်ရောက်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ခြင်းတွေကို လုပ်ဆောင်သင့်ပါတယ်။ စစ်ဆင်ရေးဖော်ဆောင်ရာမှာလဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်း၊ နေပြည်တော်က ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ ၊ ပကဖ အားလုံး ဟန်ချက်ညီ စုပေါင်းပြီး ချိန်သားကိုက် စစ်ဆင်တိုက်ခိုက်မှု လုပ်ဆောင်သင့်ပါတယ်။ လက်ရှိ အချိန်ထိ အလားတူ ကျယ်ပြန့်စွာ ပူးပေါင်း တိုက်ခိုက်မှု မတွေ့ရသေးဘဲ အနည်းငယ်ပူးပေါင်း တိုက်ခိုက်မှုသာ တွေ့ရပါတယ်။ ရန်သူ ကို တနိုင်ငံလုံး အတိုင်းအတာ မဟာဗျူဟာ ထိုးစစ်ဆင်ရေး အတွက် နိုင်ငံရေး နဲ့ စစ်ရေး အခြေအနေ ကို စောင့်ပြီး အချိန်အခါ ကောင်းကို စောင့်သင့်ပါတယ်။ တချို့သော အခြေအနေတွေမှာ နိုင်ငံရေးအရ တွက်ဆ ထိုးစစ်ဆင်ရတာမျိုး ရှိသလို တချို့သော အခြေအနေမှာ စစ်ရေးအရ တွက်ယူရတာ ရှိပါတယ်။ တခါတလေ နိုင်ငံရေး လိုအပ်ချက် နဲ့ စစ်ရေး လိုအပ်ချက် ထပ်တူမကြတဲ့ အခြေအနေမျိုးကိုလဲ ရင်ဆိုင်ရတတ်ပါတယ်။ ကောင်းမွန်တဲ့ မဟာမိတ် စုဖွဲ့မှု တည်ဆောက်ရေး ဟာလဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် အရေးကြီးပါတယ်။ လက်နက်ကိုင် တော်လှန်ရေးထဲမှာမပါသေးတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ ထပ်မံ ပါဝင်လာရေး၊ အနိမ့်ဆုံး အဆင့် စစ်တပ်ဘက် မှာ မရပ်ဘဲ ကြားနေရေး လုပ်ဆောင်ဖို့ လိုအပ်သလို မြေပြန့်ဒေသ ဒေသခံ ကာကွယ်ရေး အဖွဲ့အသီးသီး နဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်ဖို့လဲ လိုပါတယ်။ ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်း အချင်းချင်း မြေပြင်မှာ ပြိုင်ဘက် အဖြစ် ရပ်တည်သွားလာလို့ မရပါဘူး။ 

ပြည်သူ့ကာကွယ်ရေး တပ်မတော် အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ရဲ့ တန်ပြန်ထိုးစစ် ကို လေ့လာ ပြီး ကိုယ့် အခြေအနေ၊ ရေခံမြေခံ နဲ့ ကိုက်ညီအောင် ပြောင်းလဲကျင့်သုံးနိုင်မယ်ဆိုရင် ကြီးမားတဲ့ စစ်ရေးအောင်ပွဲတွေ မကြာခင် ရလာတော့မှာ ဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

3 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...