Monday 1 April 2024

နှစ်ပေါင်း ၇၀ ခန့်သက်တမ်းရှိ စိန်လုံတောင် ဗျူဟာကုန်းကို KIA သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ


 နှစ်ပေါင်း ၇၀ ခန့်သက်တမ်းရှိ စိန်လုံတောင် ဗျူဟာကုန်းကို KIA သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ


မိုးမောက် - ဧပြီ ၁၊ ၂၀၂၄။


မိုးမောက်မြို့နယ်ရှိ စိန်လုံတောင်စစ်ကောင်စီဗျူဟာကုန်းကို ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။


မိုးမောက် - လွယ်ဂျယ်သွားလမ်းရှိ စစ်ကောင်စီ၏ကျန်ရှိနေသေးသည့် စိန်လုံတောင်တပ်စခန်းကြီးကို ယမန်နေ့ညတွင် သိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်း လွယ်ဂျယ်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။


“စိန်လုံက အပြီးအပိုင်သိမ်းပိုက်နိုင်ပြီ၊ စိန်လုံတောင် ဗျူဟာကုန်းအကြီးကြီးကို သိမ်းပိုက်လိုက်ပြီ။ လက်နက်ကြီးတွေသွားသယ်ဖို့တောင် ကားအကြီးအကြီးတွေထွက်သွားပြီ။ လွယ်ဂျယ်လည်း ဒီညအပြီးသိမ်းဖို့လုပ်နေတယ်ထင်တယ်။ လွယ်ဂျယ်ကပြည်သူတွေ အားလုံးနီးပါး မိုင်ဂျာယန်ဘက်ပြန်တာကပြန် အင်ဘာပါဘက်သွားတာက သွားဖြစ်နေတယ်” ဟုပြောသည်။


စိန်လုံစစ်ကောင်စီဗျူဟာကုန်းစခန်းကြီးကို ယနေ့ နံနက် ၇ နာရီခန့်က အပြီးရှင်းလင်းရေးလုပ်နိုင်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်ရရှိခဲ့သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးကဆက်ပြောသည်။


“သိမ်းပိုက်နိုင်တဲ့အထဲမှာ စစ်လက်နက်ပစ္စည်းအများကြီးသိမ်းနိုင်တယ်လို့ပြောတယ်။ မနေ့ညကနေတောင် သူတို့ရဲ့ကတုတ်တွေကိုဝင်နိုင်ပြီ။ စကစ(စစ်ကောင်စီ)တွေက မနေ့ညကတောင်ထွက်ပြေးသွားပြီ။ ၁၂၂ မမ ၁၀၅ မမ တွေလည်းရခဲ့တယ်” ဟုပြောသည်။


စိန်လုံတောင်တပ်စခန်းကို စစ်ကောင်စီတက်က တိုက်လေယာဉ်ဖြင့်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။


စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရသေးပါ။ 


စစ်ကောင်စီတပ်က နှစ်ပေါင်း ခုနှစ်ဆယ်ခန့်စခန်းချနေထိုင်သည့် မိုးမောက် - လွယ်ဂျယ်သွားလမ်းရှိ စိန်လုံတောင်ဗျူဟာကုန်းစခန်းကြီးကို KIA တပ်မဟာ ၃ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါဗျူဟာကုန်းကို မတ်လ ၂၇ ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ပြီး ခြောက်ရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ကာ မိုးမောက် - လွယ်ဂျယ်သွားလမ်းတွင် စစ်ကောင်စီစခန်းများကင်းစင်သွားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်များထံမှသိရသည်။


သတင်း - Doi Awng  

ပုံ - ကချင်ပြည်နယ်ရှေ့တန်းတစ်နေရာမှ KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

3 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...